ထောင်ဒဏ် ၂၂ နှစ်ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ

24-12-2021yyl1.jpg

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ထောင်ဒဏ် ၂၂ နှစ် ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွန်ဟေးဟာ လွတ်ငြိမ်းချမ်းသာခွင့်ရလို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ်ရှိတဲ့ ပက်ဂွန်ဟေးဟာ ၂၀၁၈ ခုနှစ်မှာ အာဏာအလွဲသုံးစားမှု၊ ငွေညှစ်မှုတွေနဲ့ စီရင်ချက်ချမှတ်ခံခဲ့ရသူပါ။ သူဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေထဲမှာ တာဝန်ရပ်စဲခံရတဲ့ ပထမဆုံးခေါင်းဆောင် ဖြစ်ပါတယ်။

ပက်ဂွန်ဟေးဟာ နာတာရှည်ပခုံးဝေဒနာနဲ့ ခါးနာဝေဒနာကြောင့် ဒီနှစ်အတွင်း ဆေးရုံ ၃ ကြိမ်တက်ခဲ့ရသူပါ။ ပက်ဂွန်ဟေးဟာ ကျန်းမာရေးအခြေအနေကြောင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ရဲ့ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာခဲ့တာလို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ အစောပိုင်းမှာ သမ္မတမွန်ဂျေအင်က ပက်ဂွန်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတာကြောင့် အခုလို ပြန်လည်လွတ်မြောက်လာတာ အံ့အားသင့်စရာ ဖြစ်ခဲ့ကြပါတယ်။

လာဘ်စားမှုကြောင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟောင်း ဟန်မြောင်ဆွတ်ကိုလည်း တောင်ကိုရီးယားအစိုးရက ပြစ်မှုကင်းရှင်းကြောင်း ကြေညာပေးခဲ့ပါတယ်။

ပက်ဂွန်ဟေးဟာ လာဘ်စားမှု၊ ငွေညှစ်မှုစွဲချက်အများစုအပါအဝင် စွဲချက် ၁၈ ခုအနက် ၁၆ ခုအတွက် အပြစ်ရှိကြောင်း ၂၀၁၈ ခုနှစ်မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူဟာ အရင်းနှီးဆုံးသူငယ်ချင်း ချွဲဆွန်ဆီးနဲ့ ပူးပေါင်းပြီး ချွဲဆွန်ဆီး တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတွေကို ရန်ပုံငွေ ဒေါ်လာသန်းချီ ထည့်ဝင်စေဖို့အတွက် Samsung၊ Lotte စတဲ့ ကုမ္ပဏီကြီးတွေကို ဖိအားပေးခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အစောပိုင်းမှာ ပက်ဂွန်ဟေးကို ထောင်ဒဏ် နှစ် ၃၀ ၊ ဒဏ်ငွေ ဝမ် ဘီလျံ ၂၀ ပေးဆောင်ဖို့ ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အထက်တရားရုံးက ဒဏ်ငွေကို လျှော့ချပေးခဲ့သလို ထောင်ဒဏ်ကိုလည်း ၂၂ နှစ်အထိ လျှော့ချပေးခဲ့တာပါ။

Ref: BBC “Park Geun-hye: South Korea’s ex-president granted government pardon”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top