ကလေးတစ်ယောက်ကို ကျောင်းလိုက်ပို့ပေးခဲ့တဲ့ သမ္မတ

child.jpg

စာသင်ကျောင်းအခန်းထဲမှာ မိန်းကလေးတစ်ယောက် တစ်ဦးတည်း ထိုင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အတန်းဖော်တွေရဲ့မိဘတွေက သူတို့သားသမီးတွေကို အမ်ဘလာအဒီမီနဲ့အတူ မထိုင်ခိုင်းကြလို့ပါပဲ။

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အနောက်ပိုင်း ဂိုစတီဗာမြို့မှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေး အမ်ဘလာအဒီမီဟာ ဒေါင်းဆင်ဒရုန်း(Down syndrome) ရှိနေသူပါ။ အမ်ဘလာက အီဒင်စဗို မူလတန်းကျောင်းမှာ အခြားကလေးငယ်တွေနဲ့အတူ ၃ တန်း တက်နေတာပါ။

အမ်ဘလာကို အခြားကလေးငယ်တွေနဲ့အတူ ကျောင်းတက်ခွင့်ရစေဖို့ သူ့မိဘတွေက ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီးမှ ကျောင်းက သူ့ကို လက်ခံခဲ့တာပါ။ အမ်ဘလာဟာ အခန်း ၃ ခန်းမှာ လှည့်ပြီး စာသင်ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အခြားကျောင်းသားတွေရဲ့ မိဘတွေက အမ်ဘလာကို ကျောင်းထုတ်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုလာကြတယ်။ အမ်ဘလာက ရန်လိုပြီး စာသင်တာကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောင်းထုတ်ခိုင်းကြတာပါ။

အမ်ဘလာကို ဆက်ပြီး လက်ခံထားရင် သူတို့သားသမီးတွေကို ကျောင်းမပို့ဘူးလို့ အကြပ်ကိုင်ခဲ့ကြတယ်။ အထူးလိုအပ်ချက်ရှိတဲ့ ကလေးငယ်စင်တာကတော့ အမ်ဘလာက အခြားကျောင်းသားမိဘတွေ စွပ်စွဲသလို မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပြီး အမ်ဘလာကျောင်းတက်ခွင့်ရဖို့ ကြိုးပမ်းခဲ့တယ်။ဒါပေမဲ့ အခြားကျောင်းသားမိဘတွေက သူတို့သားသမီးတွေကို ကျောင်းမပို့ခဲ့တာကြောင့် အခန်းတစ်ခန်းလုံးမှာ အမ်ဘလာတစ်ယောက်တည်း စာသင်နေရတာပါ။

ဒီသတင်းက မီဒီယာတွေဆီ ပျံ့နှံ့သွားပြီးနောက်မှာတော့ မြောက်မက်ဆီဒိုးနီးယားသမ္မတ ပန်ဒါရော့စကီးဆီ ရောက်သွားတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ ပန်ဒါရော့စကီးက စာရေးသား ပေးပို့တာ၊ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကို လွှတ်တာမျိုး မလုပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့တယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှာ ပန်ဒါရော့စကီးက ဂိုစတီဗာမြို့ကို လာပြီး အမ်ဘလာတို့ အိမ်ကို သွားခဲ့တယ်။ သူ့ရဲ့မိဘတွေနဲ့ တွေ့ဆုံပြီး နေ့စဉ်ဘဝမှာ သူတို့ကြုံနေတဲ့ စိန်ခေါ်မှုတွေကို မေးမြန်းတယ်။ သူက အမ်ဘလာအတွက်လည်း လက်ဆောင်တွေ ယူလာခဲ့ပါသေးတယ်။ သူတို့ ပြောတဲ့စကားတွေကို သေသေချာချာ နားထောင်ပေးပြီးနောက်မှာတော့ ပန်ဒါရော့စကီးက အမ်ဘလာကို လက်ဆွဲပြီး ကျောင်း လိုက်ပို့ခဲ့တယ်။

ကျောင်းပေါက်ဝရောက်တော့ အမ်ဘလာက သမ္မတကြီးကို လက်ပြနှုတ်ဆက်ပြီး စာသင်ခန်းထဲ ဝင်သွားတယ်။ ဒီဓာတ်ပုံတွေကလည်း မီဒီယာမှာ ပျံ့နှံ့သွားတယ်။ ပြီးတော့ ပန်ဒါရော့စကီးက ထုတ်ပြန်ချက်တစ်စောင် ရေးသားခဲ့တယ်။ ” ကလေးငယ်တစ်ယောက်ရဲ့ အခွင့်အရေးကို ပိတ်ဆို့တားဆီးတဲ့ လုပ်ရပ်မျိုးက လက်မခံနိုင်စရာ ဖြစ်တယ်၊ အထူးသဖြင့် ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ကလေးတစ်ယောက်အပေါ် အခုလို ပြုမူကြတာမျိုးကို လုံးဝလက်မခံနိုင်ဘူး၊ ကလေးတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးကို အပြည့်အ၀ ရပိုင်ခွင့်ရှိပြီး စာသင်ကျောင်းမှာ တန်းတူညီမျှ ကြိုဆိုခွင့် ရထိုက်တယ်”လို့ ရေးသားခဲ့ပါတယ်။

အမ်ဘလာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ လုပ်ဆောင်ချက်ကို ကမ္ဘာတစ်ဝန်းက ချီးကျူးထာပနာ ပြုကြသလို သမီးဖြစ်သူအတွက် တန်းတူညီမျှခွင့်ရဖို့ ကာလကြာရှည် ကြိုးပမ်းခဲ့တဲ့ အမ်ဘလာရဲ့မိဘတွေကိုလည်း ရဲရင့်တဲ့ တိုက်ပွဲဝင်သူတွေအဖြစ် လူတွေက ချီးကျူးခဲ့ကြပါတယ်။

Ref: An 11-year-old girl with Down syndrome was being bullied. So her country’s President walked her to school

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top