” ကျောင်းဆင်းရင် လာတွေ့၊ ဒီအက်ဆေးက ကူးချထားတာမလား”လို့ ဆရာမက စာရေးပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လစ်ဇ်မာရေး ရေးထားတဲ့ အက်ဆေးက ကောင်းလွန်းနေလို့ ဆရာမက သံသယဝင်နေတာပါ။ ၁၅ နှစ်အရွယ် အိမ်ရာမဲ့ မိန်းကလေးတစ်ယောက်က ဒီလောက်ကောင်းအောင် ရေးနိုင်လိမ့်မယ်လို့ ဆရာမက ထင်မထားလို့ပါပဲ။
လစ်ဇ်မာရေးက နယူးယော့ခ်မြို့ လမ်းတွေပေါ်မှာ နေထိုင်ရသူပါ။ သူ့မိဘနှစ်ယောက်လုံးက ဆေးစွဲနေပြီး သူ့အမေက AIDS ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ လစ်ဇ်မာရေးက မန်ဟတ်တန်ရပ်ကွက်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုအကယ်ဒမီမှာ ကျောင်းတက်ဖို့ သွားလျှောက်တယ်။ ပညာသင်ကြားခွင့် ဆုံးရှုံးရနိုင်ခြေရှိတဲ့ ကျောင်းသားတွေကို အဓိက ကူညီပေးနေတဲ့ အဲဒီကျောင်းက လစ်ဇ်မာရေးကို ကျောင်းလက်ခံခဲ့တယ်။
လစ်ဇ်မာရေးက နေ့ဘက်ဆိုရင် စာကြည့်တိုက်မှာ စာသွားဖတ်လေ့ရှိပြီး ညဘက်ဆိုရင် လမ်းမီးတိုင်အောက် ဒါမှမဟုတ် ၂၄ နာရီလုံးဖွင့်တဲ့ ထမင်းဆိုင် မီးရောင်အောက်မှာ ကျောင်းစာကို လေ့လာတယ်။ ဒီအတွက်လည်း အင်္ဂလိပ်စာအချိန်မှာ ကိုယ့်ဘဝအကြောင်း အက်ဆေးရေးခိုင်းတော့ သူ့အမေရဲ့ ဖြစ်ရပ်၊ ဆာလောင်မွတ်သိပ်မှုအကြောင်း၊ လမ်းပေါ်မှာ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့အကြောင်းတွေကို လစ်ဇ်မာရေးက ကွက်ကွက်ကွင်းကွင်း ရေးပြနိုင်ခဲ့တာပါ။ အရေးအသား ပြေပြစ်ပြီး ရှုမြင်သုံးသပ်ပုံကလည်း ရင့်ကျက်တာကြောင့် ဆရာမက သူ့ကို အခြားတစ်နေရာကနေ ကူးချထားတယ်လို့ ထင်ခဲ့တာပါ။ လစ်ဇ်မာရေးက သူ့ဘဝအကြောင်း ရှင်းပြလိုက်ချိန်မှာ ဆရာမ ယုံကြည်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဆရာမရဲ့ စွပ်စွဲမှုက သူ့ရင်ထဲမှာ ဆူးတချောင်းလို စိုက်ဝင်ခဲ့ပြီး ဘယ်သူကမှ သူ့အပေါ် သံသယမဝင်တဲ့အထိ ကြိုးစားမယ်လို့ လစ်ဇ်မာရေးက ဆုံးဖြတ်ခဲ့ပါတယ်။ ၄ နှစ်တက်ရမယ့် အထက်တန်းကျောင်းကို ၂ နှစ်တည်းနဲ့ အောင်မြင်ခဲ့ပြီးနောက် သူက ဟားဗက်တက္ကသိုလ် တက်ခွင့်ရဖို့ ကြိုးစားခဲ့တယ်။
နေရပ်လိပ်စာ အတည်တကျ မရှိတဲ့ လစ်ဇ်မာရေးက ကမ္ဘာ့အတော်ဆုံး ကျောင်းသားတွေနဲ့အပြိုင် ဟားဗတ်တက္ကသိုလ်တက်ခွင့် လျှောက်တာ မဖြစ်နိုင်ဘူးလို့ သူ့ရဲ့လမ်းညွှန်သူက တွက်ဆခဲ့ပေမဲ့ နယူးယော့ခ်တိုင်းမ်ရဲ့ အပြည့်အ၀ ပညာသင်ဆုရပြီး လစ်ဇ်မာရေးက ဟားဗတ်တက္ကသိုလ် တက်ခွင့်ရသွားတယ်။
သူက စိတ်ပညာ ဘာသာရပ်ကို လေ့လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ် တက်နေရင်း Breaking Night ဆိုတဲ့ သူ့ဘဝဇာတ်ကြောင်း စာအုပ်ကို ရေးသားခဲ့တယ်။ အိမ်ရာမဲ့ ဆယ်ကျော်သက်တစ်ယောက်ဘဝကနေ အိုင်ဗီလိဂ် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တဲ့အကြောင်း ရေးသားထားတဲ့ အဲဒီစာအုပ်က ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်လာခဲ့တယ်။
သူဟာ ဆင်းရဲမွဲတေမှု၊ ပညာရေးနဲ့ ဇွဲလုံလအကြောင်း ဟောပြောပွဲတွေ လုပ်ခဲ့တယ်။ နွမ်းပါးသူတွေ၊ အိမ်ရာမဲ့ကလေးတွေဆိုရင် လူတွေက ဖြစ်ထွန်းမှာမဟုတ်ဘူးလို့ ထင်မြင်ယူဆကြတဲ့အကြောင်း၊ အဲဒီထင်မြင်ယူဆချက်တွေ ပျောက်ကွယ်သွားတဲ့အထိ အောင်မြင်အောင် ကြိုးစားသင့်ကြောင်း လစ်ဇ်မာရေးက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက်မှာတော့ လစ်ဇ်မာရေးက ပညာရေးဆိုင်ရာ ဝန်ဆောင်မှု၊ စိတ်ခွန်အား ဖြစ်စေတဲ့ ဟောပြောမှုတွေ လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတစ်ခု ထူထောင်ခဲ့ပြီး လူငယ်တွေအတွက် ကူညီပံ့ပိုးပေးလျက် ရှိပါတယ်။
Ref: Liz Murray
NZ (ရိုးရာလေး)

