အသက် ၆၉ နှစ်အရွယ် လင်ဒါ ဂျာရက်တ်ဆိုတဲ့ အဘွားက အသက် ၁၀ နှစ်မှာ ယူနီဘီး (ဘီးတစ်ဘီးတည်းပါတဲ့ စက်ဘီး) ကို စစီးခဲ့တာပါ။ သူဟာ ယူနီဘီးစီးလာခဲ့တာ ဆယ်စုနှစ် ၆ စုနီးပါးရှိပါပြီ။
“ယူနီဘီးအဘွားအို” လို့ နာမည်ပြောင်ပေးခံထားရတဲ့ လင်ဒါက The Nutcracker ထုတ်လုပ်ရေးအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ သူ့ရဲ့ ယူနီဘီးနဲ့ စင်ပေါ်တတ်ခဲ့တဲ့အချိန်မှာ အသက် ၆၉ နှစ်နဲ့ ၁၈၉ ရက်ရှိခဲ့ပါတယ်။
ရလဒ်အနေနဲ့ လင်ဒါဟာ ကမ္ဘာ့အသက်အကြီးဆုံးယူနီဘီးစီးသူအဖြစ် အရင်က ကမ္ဘာ့ဂင်းနက်စ်စံချိန်ကိုပဲ ထပ်မံချိုးခဲ့ပါတယ်။ ပထမဆုံးအကြိမ် ဒီစံချိန်ကို ချိုးခဲ့တာက ၂၀၂၃ ခုနှစ် ဇန်နဝါရီလကဖြစ်ပြီး အဲ့ဒီတုန်းက သူ့အသက်ဟာ ၆၆ နှစ်နဲ့ ၂၃၄ ရက်ဖြစ်ပါတယ်။ သူ့ရဲ့ပခုံးပေါ်မှာ ကလေးမလေးကို တင်ပြီး စင်မြင့်တစ်လျှောက် ယူနီဘီးစီးပြပြီးတော့ စံချိန်ချိုးခဲ့တာပါ။

ယူနီဘီးကို နှစ်သက်ခဲ့တာကတော့ သူ့ရဲ့ပထမဆုံးယူနီဘီးကို မွေးနေ့လက်ဆောင်အဖြစ် ရခဲ့ပြီးနောက် သူ့အိမ်မှာ ညီမတွေနဲ့အတူ စီးခဲ့တဲ့အချိန်ကစခဲ့တာပါ။ အဲ့ဒီဘီးက အခုထိရှိနေပြီး တစ်ချိန်လုံး အသုံးပြုနေတုန်းပါပဲ။
သူ့အသက် ၁၃ နှစ်မှာ သူ့အဖေဆီက ၆ ပေမြင့်တဲ့ ယူနီဘီးကို ရခဲ့ပြီး ဘယ်သွားသွားစီးခဲ့တာပါ။ လင်ဒါက သူ့ဘဝတစ်လျှောက်မှာ အနုပညာဖျော်ဖြေမှုတွေလုပ်ဆောင်ခဲ့ပြီး အေရိုးဗစ်နည်းပြအဖြစ် ထမ်းဆောင်ခဲ့သလို Florida State Universityရဲ့ဆပ်ကပ်မှာလည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
သူက လော့အိန်ဂျလိစ်မြို့မှာ ၁၀ နှစ်တာနေထိုင်ခဲ့စဉ်အတွင်းမှာလည်း Circus for the Stars ရုပ်သံအစီအစဉ်မှာ နည်းပြအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ သူက ဒေသတွင်းဂီတထုတ်လုပ်ရေးတွေနဲ့ ပြဇာတ်ရှိုးတွေမှာ ဖျော်ဖြေတင်ဆက်နေတုန်းဖြစ်ပြီး စင်မြင့်ထက်မှာ ယူနီဘီးကို စီးပြဦးမှာဖြစ်ပါတယ်။
အခုဆို ယူနီဘီးစီးရတာစိတ်ဝင်စားတဲ့သူတွေကို လင်ဒါ အကြံပြုထားတာက “အရမ်းငယ်တုန်းမှာစတင်ပြီး ဘယ်တော့မှ မရပ်တန့်ပါနဲ့”တဲ့။
Ref: 69-Year-Old Grandma Set a Unicycle World Record, Then She Broke It Again 2 Years Later
WL (ရိုးရာလေး)

