၂၀၃၀ ပြည့်နှစ်အရောက်မှာ ဉာဏ်ရည်တု (AI) နည်းပညာရဲ့ လျှပ်စစ်သုံးစွဲမှုဟာ နိုင်ငံကြီးတွေရဲ့ စုစုပေါင်းသုံးစွဲမှုထက်တောင် ကျော်လွန်သွားလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
AI စနစ်တွေကို မောင်းနှင်ပေးနေတဲ့ ဒေတာစင်တာ (Data Center) တွေဟာ ၂၀၃၀ ပြည့်နှစ်ကျရင် နှစ်စဉ် လျှပ်စစ်စွမ်းအင် သုံးစွဲမှုပမာဏဟာ ၁ နာရီ ၉၄၅ တယ်ရာဝပ်(Terawatt-hours) အထိ ရှိလာမယ်လို့ ကုလသမဂ္ဂတက္ကသိုလ် (United Nations University) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ဂျီးရီးယား ၃ နိုင်ငံပေါင်းရဲ့ လျှပ်စစ်သုံးစွဲမှုထက် သုံးဆနီးပါး ပိုများနေတာပါ။
AI ကို မေးခွန်းတစ်ခု မေးလိုက်တိုင်းမှာ အဲဒီစနစ် လည်ပတ်နိုင်ဖို့ မြေနေရာအကျယ်အဝန်း အများအပြား၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ စက်တွေကို အအေးခံဖို့ အဆမတန်များပြားတဲ့ ရေပမာဏ လိုအပ်ချက်တွေ ရှိနေပါတယ်။ အခုဆယ်စုနှစ်အကုန်မှာတော့ ဒီဒေတာစင်တာတွေကို ရေရှည်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ရေပမာဏဟာ ဆာဟာရပိုင်း အာဖရိကဒေသမှာရှိတဲ့ လူဦးရေအားလုံးရဲ့ တစ်နှစ်စာ အခြေခံအိမ်သုံးရေ လိုအပ်ချက်နဲ့ ညီမျှလာနိုင်သလို၊ AI အခြေခံအဆောက်အအုံတွေ နေရာယူမယ့် မြေအကျယ်အဝန်းဟာလည်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ပြဧရိယာရဲ့ နှစ်ဆထက် ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
AI ရဲ့ လျှပ်စစ်သုံးစွဲမှု ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိဟာ စတင်လေ့ကျင့်သင်ကြားပေးရတဲ့ (Training) အဆင့်မှာ မဟုတ်ဘဲ အသုံးပြုသူတွေရဲ့ နေ့စဉ်မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးရတဲ့ အချက်အလက်ဆွဲထုတ်ခြင်း (Inference) အဆင့်အတွက် လိုအပ်နေတာ ဖြစ်ပါတယ်။ AI နည်းပညာသုံးပြီး ပုံရိပ်တစ်ခု၊ ဓာတ်ပုံတစ်ပုံ ဖန်တီးလိုက်ခြင်းဟာ ရိုးရိုးစာသား ခွဲခြားသတ်မှတ်တဲ့ လုပ်ဆောင်ချက်တစ်ခုထက် လျှပ်စစ်စွမ်းအင် အဆပေါင်း ၁,၄၅၀ ခန့် ပိုမိုလိုအပ်ပါတယ်။
ဒါကြောင့် မူဝါဒချမှတ်သူတွေအနေနဲ့ AI ရဲ့ သက်ရောက်မှုကို တိုင်းတာတဲ့အခါ ရေ၊ မြေနေရာနဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း (E-waste) တွေအပါအဝင် ပတ်ဝန်းကျင်အပေါ် ကျန်ရစ်ခဲ့မယ့် ရုပ်ပိုင်းဆိုင်ရာမှန်သမျှကို ဘက်စုံထောင့်စုံ ထည့်သွင်းတွက်ချက်နိုင်မယ့် မူဘောင်တစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။
Ref: Artificial intelligence will consume more power than entire nations by 2030
NZ (ရိုးရာလေး)

