မေတ္တာစက်ဝိုင်း တပတ်လည်ချိန်

parent.jpg

မိဘမဲ့ကလေးငယ်တွေကို ဆယ်စုနှစ်များစွာကြာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဇနီးမောင်နှံဟာ အိုမင်းမစွမ်းချိန်မှာ အိုးမဲ့အိမ်မဲ့ဖြစ်မယ့် အန္တရာယ် ရင်ဆိုင်ခဲ့ရပြီး ဒီအကြောင်း သိသွားချိန်မှာ ရပ်ရွာလူထုနဲ့ သူတို့ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မိဘမဲ့ကလေးတွေက ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့မှ အသက် ၈၅ နှစ်အရွယ် စတီဖင်နဲ့ အသက် ၇၉ နှစ်အရွယ် လိုရက်တာတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ ကလေးငယ် ၆၀၊ ၇၀ ဝန်းကျင်ကို မိဘအရင်းလို ပြုစုစောင့်ရှောက်ပေးခဲ့ကြတာပါ။

သူတို့ဇနီးမောင်နှံဟာ လက်ရှိနေထိုင်တဲ့ အိမ်ကို မြေကန်ထရိုက်စနစ်နဲ့ ဝယ်ယူထားတာဖြစ်ပေမဲ့ အိမ်ပိုင်ရှင်ရဲ့ လိမ်လည်မှုကြောင့် အိမ်ပေါ်ကနေ နှင်ထုတ်ခံရမယ့် အန္တရာယ်နဲ့ ရုတ်တရက် ရင်ဆိုင်ခဲ့ရတာပါ။ သူ့ရဲ့ မွေးစားမိဘတွေ ဒုက္ခရောက်နေတာကို (ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့) ရှန်နာဆိုတဲ့ အမျိုးသမီးက သိသွားပြီး အကူအညီတောင်းခံဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။

ဒီအကြောင်း သိသွားချိန်မှာ ဒက်ထရွိုက်မြို့မှ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း (Detroit Rescue Mission Ministries) က ချက်ချင်း အကူအညီပေးခဲ့ပြီး စတီဖင်နဲ့ လိုရက်တာတို့ ဇနီးမောင်နှံအတွက် ပရိဘောဂ အစုံအလင်၊ အဝတ်လျှော်စက်၊ စားစရာ အပြည့်ဖြည့်ထားတဲ့ ရေခဲသေတ္တာတွေနဲ့အတူ အိမ်အသစ်တစ်လုံးကို လက်ဆောင်ပေးခဲ့တာပါ။ သူတို့ဇနီးမောင်နှံဟာ လာမယ့် ၂ နှစ်လုံးလုံး အဲဒီအိမ်အသစ်မှာ အိမ်လခ လုံးဝပေးစရာမလိုဘဲ အခမဲ့ နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

“ကျွန်မတို့ ငယ်ငယ်က ဒုက္ခရောက်နေချိန်မှာ ကယ်တင်ခဲ့တဲ့ မိဘတွေကို အခုသူတို့ ဒုက္ခရောက်ချိန်မှာ ပြန်လည်ကယ်တင်ခွင့်ရတာ မေတ္တာစက်ဝိုင်း တစ်ပတ်လည်သွားတာပါပဲ” လို့ ရှန်နာက ပြောပါတယ်။

Ref: They Raised Dozens of Foster Kids. Now the Community Is Giving Back to Them

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top