၁၉၆၅ ခုနှစ်က ပြင်သစ်နိုင်ငံ အားလ်စ်မြို့မှာ နေထိုင်တဲ့ အဘွားအို ယန်းကယ်မန့်က သူ သေသွားရင် အမွေဆက်ခံမယ့်သူမရှိတာကြောင့် သူ့နေအိမ်ကို သူ့ရှေ့နေဆီပဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်မှာ ယန်းကယ်မန့်က အသက် ၉၀ အရွယ်ရှိနေပြီဖြစ်ဗပြီး သူ့ရှေ့နေ ရက်ဖရေးကတော့ အသက် ၄၇ နှစ် ရှိပါပြီ။
ယန်းကယ်မန့် သက်ရှိထင်ရှား ရှိနေစဉ်ကာလတလျှောက်လုံး ရက်ဖရေးက တစ်လကို ဖရန့်ငွေ ၂၅၀၀ ပေးသွင်းရမှာဖြစ်ပြီး ယန်းကယ်မန့် ကွယ်လွန်သွားချိန်မှာ ရက်ဖရေးက ဒီအိမ်ကို အပိုင်ရရှိမှာဖြစ်ပါတယ်။ ယန်းကယ်မန့်က သေဆုံးချိန်အထိ သူ့အိမ်မှာပဲ ဆက်နေခွင့်ရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အရောင်းအဝယ် လုပ်ခဲ့ကြတာပါ။
ယုတ္တိနည်းကျ တွက်ကြည့်ရင် အသက် ၉၀ အရွယ်ဆိုတာ ဘဝရှင်သန်ချိန် သိပ်မကျန်တော့တာကြောင့် ရက်ဖရေးအတွက် အလွန်တန်တဲ့ သဘောတူညီချက်လို့ ယူဆခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ ထင်သလို မဖြစ်ခဲ့ဘဲ ယန်းကယ်မန့်က အသက် ၁၂၂ နှစ်၊ ၁၆၄ ရက်အရွယ်အထိ ရှင်သန်နေထိုင်ခဲ့ပြီး ရက်ဖရေးက အသက် ၇၇ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ရက်ဖရေး ကွယ်လွန်ခဲ့ပြီးနောက် ၂ နှစ်ကျော်အကြာအထိ ယန်းကယ်မန့်က အသက်ရှည်ခဲ့ပြီး အဲဒီကာလအတွင်းမှာ ရက်ဖရေးရဲ့ ကျန်ရစ်သူ မိသားစုက ယန်းကယ်မန့်အတွက် လစဉ်လတိုင်း ဖရန့်ငွေ ၂၅၀၀ စီ ထပ်ပေးခဲ့ရပါတယ်။
ယန်းကယ်မန့် ကွယ်လွန်သွားချိန်မှာ ရက်ဖရေးမိသားစု ပေးသွင်းခဲ့ရတဲ့ လစဉ်ကြေး စုစုပေါင်းကို တွက်ကြည့်လိုက်တော့ တိုက်ခန်းဈေးထက် ၂ ဆလောက် ဖြစ်နေခဲ့ပါတယ်။ ယန်းကယ်မန့်ဟာ သမိုင်းတစ်လျှောက် အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သူပါ။
Ref: Jeanne Calment
NZ (ရိုးရာလေး)

