ထိုင်းနိုင်ငံက မိသားစုတစ်စုရဲ့အိမ်မွေးခွေးတစ်ကောင်က လက်ပစ်ဗုံးကို အရုပ်မှတ်ပြီး အိမ်ထဲ ကိုက်ချီလာခဲ့ပြီးတဲ့နောက် သူတို့တွေ အလွန်ဒုက္ခရောက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အီစကက်ပြည်နယ်၊ နွန်ခွန်ခရိုင်မှာ ဖြစ်ခဲ့တာပါ။
အိမ်မွေးခွေးလေးက ဗုံးကို ကိုက်ချီပြီး အိမ်ပြန်မလာခင် အပြင်မှာ ကစားဖို့ လျှောက်သွားနေခဲ့ပါတယ်။ ဗုံးကို ကိုက်ချီပြီးပြန်လာတော့ သခင်ဖြစ်သူ Rungnapa Dawta က အန္တရာယ်ကို သတိထားမိခဲ့ပြီး ဗုံးရဲ့စနက်တံက ဖြုတ်မထားရသေးတာကို တွေ့ရှိခဲ့ပါတယ်။ အနားယူဖို့ ဆေးရုံကနေ အိမ်ကို ပြန်လာတုန်းရှိသေးတယ်၊ အခုလို ဗုံးကို တွေ့ရှိခဲ့ရတာပါ။
ချက်ချင်းပဲ အိမ်အပြင်ဘက်မှာ ဗုံးကို ထားလိုက်ပြီး သူ့ရွာရဲ့ရပ်ရွာခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။ Dawta ရဲ့သက်ကြီးပိုင်ဆွေမျိုးက အဲ့ဒီအရာကို အရိုး (သို့) ပလတ်စတစ် အပိုင်းအစလို့ ထင်ခဲ့တာပါ။ မနက်ခင်းကတည်းက ခွေးလေးက အဲ့ဒီအရာကို ကိုက်ပြီး ဆော့ကစားနေခဲ့တယ်လို့လည်း ပြောပါတယ်။
ခွေးကသာ စနက်တံကို ဖြုတ်မိခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ မတွေးရဲစရာပဲလို့ ပြောပါတယ်။ ရဲအရာရှိတွေက ဖြစ်ရပ်ကို သိရှိခဲ့ပြီးနောက် အဲ့ဒီနေရာကို စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီဗုံးက တရုတ်နိုင်ငံထုတ် Type 82-2 လက်ပစ်ဗုံးဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဗုံးက ဟောင်းနေနေပေမဲ့ စနက်တံဖြုတ်လိုက်ရင် ပေါက်ကွဲနိုင်တဲ့အခြေအနေမှာ ရှိနေတုန်းဖြစ်ပြီး ဒီလိုဗုံးကို နယ်စပ်တစ်လျှောက်မှာ အများဆုံးတွေ့ရပါတယ်။
ရွာနဲ့ ဝေးတဲ့လယ်ကွင်းတစ်ခုဆီ ဘေးကင်းစွာ သယ်ယူပြီး ဖောက်ခွဲခဲ့ရာ ၃၀ စင်တီမီတာလောက်နက်ပြီး ၆၀ စင်တီမီတာလောက်ကျယ်တဲ့ ချိုင့်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ သံသယဖြစ်ဖွယ် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ (ဒါမှမဟုတ်) စစ်ဘက်ဆိုင်ရာ အရာဝတ္ထုတွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် ထိကိုင်တာ၊ ရွေ့ပြောင်းတာတွေမလုပ်ဖို့နဲ့ အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ ထိုင်းရဲအရာရှိက တိုက်တွန်းထားပါတယ်။
Ref: Dog in Thailand fetches live grenade into family home after mistaking it for toy
WL (ရိုးရာလေး)

