မျက်ကြည်လွှာပုံရိပ်တွေကို အသုံးပြုပြီး အော်တစ်ဇင်(ASD)နဲ့ အာရုံစူးစိုက်မှုအားနည်းခြင်း(ADHD) တွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ AI ကိရိယာတစ်ခုကို နယူးဂျာစီပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦးက တီထွင်နိုင်ခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ် အက်ဒ်ဝပ်ကန်း (Edward Kang) ဟာ ကျောင်းပရောဂျက်တစ်ခုအတွက် သုတေသနလုပ်ရင်း ဟောင်ကောင်တရုတ်တက္ကသိုလ်မှ သုတေသီတွေရဲ့ စိတ်ဝင်စားဖွယ် လေ့လာမှုတစ်ခုကို တွေ့ရှိခဲ့တာပါ။ အဲဒီလေ့လာမှုဟာ အော်တစ်ဇင်ကို ရှာဖွေဖော်ထုတ်ဖို့ မျက်ကြည်လွှာပုံရိပ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။
အက်ဒ်ဝပ်ကန်းဟာ အွန်လိုင်းသင်တန်းအချို့ တက်ရောက်ပြီး Machine Learning ရဲ့ အခြေခံကို သင်ယူလေ့လာကာ RetinaMind လို့ အမည်ပေးထားတဲ့ AI ကိရိယာရဲ့ ပထမဆုံးဗားရှင်းကို တီထွင်ခဲ့တာပါ။ သုတေသနတွေအရ အော်တစ်ဇင် သို့မဟုတ် ADHD ရှိသူတွေမှာ ပျမ်းမျှအားဖြင့် ကွဲပြားခြားနားတဲ့ မျက်ကြည်လွှာဆိုင်ရာ လက္ခဏာရပ်တွေ တွေ့ရှိရပါတယ်။
RetinaMind ရဲ့ တိကျမှုနဲ့ ထိရောက်မှုကို ပိုမိုမြှင့်တင်ဖို့အတွက် ကန်းက ပိုအဆင့်မြင့်တဲ့ တွက်ချက်မှုဆိုင်ရာ နည်းပညာတွေကိုလည်း အသုံးပြုခဲ့ပါတယ်။ မျက်ကြည်လွှာပုံရိပ်တွေကို အသုံးပြုပြီး အော်တစ်ဇင်(ASD)နဲ့ အာရုံစူးစိုက်မှုအားနည်းခြင်း(ADHD)ကို ရှာဖွေဖော်ထုတ်ရာမှာ RetinaMind က ၈၉ ရာခိုင်နှုန်းအထိ တိကျမှုရှိတာ တွေ့ရပါတယ်။
Ref: A Teenager Just Turned Eye Scans Into an AI Test for Autism and ADHD
NZ (ရိုးရာလေး)

