ခြေထောက်တစ်ဖက်မပါအောင် ဓာတ်ပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး လူစိတ်ဝင်စားမှုများအောင်လုပ်တယ်လို့ စွပ်စွဲပြောဆိုခံခဲ့ရတဲ့ မသန်စွမ်းမော်ဒယ်

30-11-2022-yyl15.jpg

LA Fashion Week မှာ ပါဝင်ခဲ့တဲ့၊ ကင်မ် ကာဒါရှန်ရဲ့အဝတ်အစားအမှတ်တံဆိပ်အတွက် မော်ဒယ်လုပ်ပေးခဲ့တဲ့ မသန်စွမ်းမော်ဒယ်ဟာ မသန်စွမ်းချင်ယောင်ဆောင်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူက နယူးဇီလန်နိုင်ငံ၊ တာရာနာကီမြို့က အသက် ၃၀ အရွယ်မော်ဒယ်၊ သရုပ်ဆောင် ချာရီ လူစီပါ။ တချို့လူတွေက သူ့ကို အရိုးကင်ဆာကြောင့် ခြေထောက်ဆုံးရှုံးရတယ်လို့ လိမ်ညာပြောဆိုတဲ့ Attention Seeker (အများအာရုံစိုက်လာအောင်လုပ်တဲ့သူ) အဖြစ် ခေါ်ဆိုခဲ့ကြပါတယ်။

အခု ချာရီက သူတို့ရဲ့စော်ကားပြောဆိုမှုတွေကို ရင်ဆိုင်ရင်း လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဘဝကို ကောင်းကောင်းဖြတ်သန်းနေထိုင်နေပါတယ်။ ချာရီက သူ့အသက် ၆ နှစ်မှာ osteosarcoma လို့ခေါ်တဲ့ အရိုးကင်ဆာရှိနေတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ နောက်တော့ သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် သူ့ရဲ့ဘယ်ဖက်ခြေထောက်တစ်ခုလုံးနဲ့ တင်ပါးဆုံရိုးတစ်ဝက်ကို ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါက အလွန်ရှားပါးပြီး အန္တရာယ်များတဲ့ခွဲစိတ်မှုဖြစ်ခဲ့ပြီး ခြေအတု အသုံးပြုဖို့လည်း ခက်ခဲစေခဲ့ပါတယ်။

ချာရီက ကွယ်လွန်သွားပြီဖြစ်တဲ့ သူလိုမျိုးခြေတစ်ဖက်မပါတဲ့မော်ဒယ် မားမား ကာဇ်ကို အားကျပြီး ဖက်ရှင်လောကမှာ အသက်မွေးဝမ်းကျောင်းပြုဖို့ အသက် ၁၆ နှစ်မှာ ဩစတြေးလျကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြောင်းရွှေ့ပြီးတဲ့နောက်မှာ သူဟာ အမေရိကန်အေဂျင်စီ Other People’s Children နဲ့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အခုနှစ်ဇူလိုင်လကမှ သူဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို ပြောင်းရွှေ့ခဲ့တာပါ။ ပြောင်းရွှေ့ခဲ့ပြီး မကြာခင်မှာ သူဟာ ကင်မ် ကာဒါရှန်ရဲ့အဝတ်အစားအမှတ်တံဆိပ် SKIMS အတွက် ကမ်ပိန်းလှုပ်ရှားမှုမှာ အခြားအမျိုးသမီးတွေနဲ့အတူ မော်ဒယ်အဖြစ် ပါဝင်ခဲ့ရပါတယ်။

မေလက ချာရီဟာ Sydney Fashion Week မှာ သူ့ရဲ့ပထမဆုံးမော်ဒယ်ရှိုးလျှောက်ဖို့ စာရင်းသွင်းခံခဲ့ရပေမဲ့ ပွဲမတိုင်ခင် ၂ ရက်အလိုမှာ ကိုဗစ်နဲ့ နေမကောင်းဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ LA Fashion Week မှာ ရှိုးလျှောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။

ချာရီက သူ့ကို မပျော်မရွှင်ဖြစ်စေတဲ့ အွန်လိုင်းပေါ်က အခြေအမြစ်မရှိတဲ့စကားတွေကို ရင်ဆိုင်ဖြေရင်းနေရတုန်းပါပဲ။ သူ့ကို လူမှုကွန်ယက်ပေါ်က လူတွေ စွပ်စွဲပြောဆိုတာတွေကို အခုလို ပြောပြပါတယ်။ “လူမှုကွန်ယက်ပေါ်က လူတွေဟာ ခြေထောက်တစ်ဖက်မပါချင်ယောင်ဆောင်တယ်လို့ ကျွန်မကို မကြာခဏစွပ်စွဲကြတယ်။ ကျွန်မက လူအများစိတ်ဝင်စားအောင် ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ထားတယ်လို့ ယူဆကြပါတယ်”

အမေရိကန်နိုင်ငံကို ပြောင်းရွှေ့တာက အခုအထိ သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့တာပါ။ အမေရိကန်မှာ အလုပ်လုပ်ဖို့ ဗီဇာမလျှောက်နိုင်ခင်က သူ့ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ အောင်မြင်မှုတွေကို နှစ်အကြာကြီးလုပ်ဆောင်ခဲ့ရတယ်။ အခုဆို အမေရိကန်နိုင်ငံကို ရောက်ပြီးတဲ့နောက်မှာ အမိုက်စားအလုပ်တွေလည်း ရခဲ့တယ်လို့ ချာရီက ပြောပါတယ်။

Ref: Metro “Amputee model defies trolls who accuse her of photoshopping leg for attention”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top