ရှန်ဟိုင်းက အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက သူ့အဘိုးဖြစ်သူ အချိန်မှန်ဆေးသောက်ဖို့ မှတ်မိစေအောင် ရိုးရှင်းတဲ့ AI အက်ပ်တစ်ခုကို ဖန်တီးနေပါတယ်။ အဲ့ဒီအက်ပ်ကို သူ တက္ကသိုလ်မသွားခင် သူ့အဘိုးရဲ့နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ ဒီဇိုင်းထုတ်ထားတာပါ။ သူကတော့ မကြာသေးခင်ကမှ အထက်တန်းကျောင်းဆင်းတစ်ဦးဖြစ်တဲ့ မာကိုင်ဆိုတဲ့ ဆက်ကျော်သက်လေးပါ။
မာကိုင်က ဇွန်လမှာ gaokao အဖြစ် သိကြတဲ့ တရုတ်ရဲ့အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုထားခဲ့တာပါ။ သူဟာ ဇူလိုင်လအလယ်မှာ ကျင်းပခဲ့တဲ့ World Artificial Intelligence Conference ပွဲကို တက်ရောက်ရင်း အင်တာဗျူးဖြေကြားပြီးနောက် သူ့ရဲ့အကြောင်း ထွက်ပေါ်လာခဲ့တာပါ။ သူက ပေကျင်းအခြေစိုက် AI ကုမ္ပဏီ ModelBest က တီထွင်ထားတဲ့ ဘာသာစကားပုံစံဖြစ်တဲ့ MiniCPM ကို အသုံးပြုပြီးတော့ အက်ပ်ကို ဖန်တီးထားတယ်ဆိုတာကို အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
သူက ပြပွဲမှာ ရှိနေမယ့် ကုမ္ပဏီက ကျွမ်းကျင်သူတချို့ဆီက သင်ယူလေ့လာဖို့ မေးခွန်းတွေမေးဖို့ လာရောက်ခဲ့တာဖြစ်ပါတယ်။ သူ ဖန်တီးတဲ့ အက်ပ်က အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်။ အဲ့ဒီအက်ပ်က ဆေးသောက်ဖို့အသိပေးချက်ပို့တာအပြင် အသုံးပြုသူက ဆေးထုတ်ပိုးမှုပုံကို ပို့တာနဲ့ ဆေးတွေက expired date ဖြစ်မဖြစ် စစ်ဆေးပေးပါတယ်။ expired date ဖြစ်နေတဲ့ ဆေးကို တွေ့ရှိရင် စနစ်က ဆေးဟာ သက်တမ်းကုန်ပြီး မသောက်သုံးသင့်ဘူးလို့ သတိပေးနေတဲ့ ကျယ်လောင်တဲ့အသံကို ပေးပါတယ်။
မာကိုင်ရဲ့အဘိုးက ကျန်းမာရေးအခြေအနေတချို့ရှိနေပြီး ဆေးဝါးတွေကို ပုံမှန်သောက်သုံးဖို့ လိုအပ်ပါတယ်။ မှတ်ဉာဏ်အားနည်းတာကြောင့် ဆေးသောက်ဖို့နဲ့ ဆေးတွေရောသွားမှာကို မာကိုင်စိုးရိမ်ကြောင်း၊ သူ့အဘိုးက မတော်တဆ ရက်လွန်တဲ့ဆေးဝါးတွေသောက်သုံးမိမှာကို စိတ်မအေးကြောင်း ဆိုပါတယ်။
မာကိုင်ကို သူ့အဘိုးက ပြုစုပျိုးထောင်ခဲ့တာဖြစ်ပြီး သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အသက် ၇၀ ရှိပြီဖြစ်တဲ့ သူ့အဘိုးက တစ်ယောက်တည်းနေထိုင်တာပါ။ သူဟာ တက္ကသိုလ်တက်ဖို့အတွက် စက်တင်ဘာလမှာ အခြားမြို့ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။ ဘယ်ဘာသာရပ်ကို လေ့လာမယ်ဆိုတာကတော့ မသိရပါဘူး။
Ref: Chinese Teen Builds AI Tool To Remind Grandfather To Take Medicines On Time
WL (ရိုးရာလေး)

