နယ်သာလန်နိုင်ငံ အိုင်ဟိုဗင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လူနာတင်ယာဉ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။
Stella Juva လို့ အမည်ပေးထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လူနာတင်ယာဉ်ကို ဝေးလံခေါင်ဖျားဒေသတွေမှ လူနာတွေကို ဆေးဝါးကုသမှုလုပ်ပေးနိုင်ဖို့ ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Stella Juva ဟာ ပုံသဏ္ဍာန်အားဖြင့် Cybertruck နဲ့ ဆင်တူပေမဲ့ သာမန်အရပ်ဘက်သုံးယာဉ်ထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ အမိုးပေါ်မှာရှိတဲ့ ဆိုလာပြားတွေကနေ ယာဉ်မောင်းနှင်ဖို့၊ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ လည်ပတ်နိုင်ဖို့ စွမ်းအင်ပေးပါတယ်။

လူနာတင်ယာဉ်ထဲမှာ X-ray စက်၊ နှလုံးနှိုးစက် (Defibrillators)၊ တီဘီရောဂါ စစ်ဆေးတဲ့ ကိရိယာတွေ၊ ကာကွယ်ဆေးတွေအတွက် အအေးခန်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာထရာဆောင်း (Ultrasound) စက်တွေလည်း ပါဝင်ပါတယ်။
လူနာတင်ယာဉ်မှာ ထိုင်ခုံနှစ်ခုံပါပြီး ကားရပ်နားချိန်မှာ လူနာတွေကို အဲဒီနေရာမှာတင် ကြည့်ရှုစစ်ဆေးနိုင်စေဖို့ ခေါက်ကုလားထိုင်တွေနဲ့အတူ တဲတစ်ခုကိုပါ ထုတ်ယူအသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

နေသာတဲ့ နေ့တွေမှာ တစ်နာရီ ၇၅ မိုင် (ကီလိုမီတာ ၁၂၀ ခန့်) အထိ အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး မိုင်ပေါင်း ၄၄၅ မိုင်ခန့် (၇၁၆ ကီလိုမီတာခန့်) အထိ ခရီးရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: University students invent first-ever solar-powered ambulance. It provides fully off-grid care in rural areas
NZ (ရိုးရာလေး)

