ဆမြူရယ် ဟန်ဒါဆန်ဆိုတဲ့ အသက် ၁၂ နှစ်အရွယ်ကောင်လေးက ငှက်သံမျိုးစုံကို အလွန်တူအောင် တုပနိုင်တာကြောင့် လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလို့နေပါတယ်။ သူဟာ ဘဲ၊ လင်းယုန်၊ ငှက်ခါး စတဲ့ငှက်အမျိုးပေါင်း ၁၀၀ ကျော်ရဲ့အသံကို တုပနိုင်တာဖြစ်ပါတယ်။
သူ့အသက် ၄ နှစ်အရွယ်မှာ Oklahoma City Zoo ကို သွားရောက်လည်ပတ်စဉ် အမှိုက်ပုံးပေါ်နားနေတဲ့ Great-tailed Grackle ငှက်တစ်ကောင်ရဲ့အသံကို စပြီးတုပခဲ့ရာ သူ့ရဲ့အသံကြောင့် ငှက်က ပြန်လည်အော်ခဲ့တာကြောင့် ငှက်သံတုပတာကို စပြီး စိတ်ဝင်စားလာခဲ့တာပါ။
ကျောင်းရဲ့ Talent Show မှာ သူ ငှက်သံတုပနေတဲ့ ဗီဒီယိုကို သူ့မိခင်ဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ရာ လူသိများလာခဲ့တာပါ။ သူ့ရဲ့ငှက်သံတုပမှုက အလွန်တိကျတာကြောင့် ငှက်အမျိုးအစားခွဲခြားပေးတဲ့ ငှက်ဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း the Cornell Lab of Ornithology ရဲ့ Merlin Bird ID app ကိုတောင် ငှက်အစစ်အသံလို့ ထင်မှတ်စေခဲ့ပါတယ်။
အော်တစ်ဇင် (Autism) နှင့် တူးရက် ရောဂါလက္ခဏာ (Tourette syndrome) ရှိတဲ့ ဆမြူရယ်က တခြားပစ္စည်းကိရိယာအကူအညီမပါဘဲ အသက်ရှုနည်းလမ်းနဲ့ လည်ချောင်းအသံပြောင်းလဲမှုတွေကိုသာ အသုံးပြုပြီး ငှက်သံတုပတာပါ။ သူက ငှက်သံတွေအပြင် ငှက်တွေရဲ့အလေ့အထနဲ့ လှုပ်ရှားတွေကိုလည်း လေ့လာခဲ့ပါတယ်။ သူက အနာဂတ်မှာ ငှက်ဗေဒပညာရှင်တစ်ဦးဖြစ်လာဖို့နဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။
ဆမြူရယ်က လူမှုကွန်ယက်မှာ လူသိများသွားခဲ့ပြီးနောက် the Cornell Lab of Ornithology ကိုသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။
Ref: 12-year-old bird caller goes viral, can mimic over 100 bird calls
WL (ရိုးရာလေး)

