ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် မျက်နှာ အစားထိုးခွဲစိတ်ကုသမှု အောင်မြင်ခဲ့သူ

501F26CA00000578-6163477-image-a-20_1536835875753.jpg

အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား မောရစ် (Maurice) ဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးအနေနဲ့ မျက်နှာအစားထိုးခွဲစိတ်မှုကို အောင်မြင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ကနေဒါနိုင်ငံအတွက်လည်း ပထမဦးဆုံးအကြိမ် ဦးဦးဖျားဖျား အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့တဲ့ မျက်နှာ အစားထိုး ခွဲစိတ်မှုအနေနဲ့ မှတ်တမ်းဖြစ်ခဲ့ပါတယ်။

ဒီခွဲစိတ်မှုဟာ ကနေဒါနိုင်ငံအတွက် အတော်လေးကြီးကျယ်ခဲ့ပါတယ်။ အထူးကျွမ်းကျွင်ဆရာဝန်တွေ နဲ့ ခွဲစိတ်ပညာရှင်တွေ၊ ဘက်ပေါင်းစုံက ကျွမ်းကျင်ပညာရှင် အယောက်တစ်ရာကျော်ရဲ့ စုပေါင်းအားနဲ့ စနစ်တကျ ပါဝင်ကူညီခဲ့ရပြီး ခွဲစိတ်မှုအတွက် နာရီပေါင်း ၃၀ ကြာ ဖိဖိစီးစီးအချိန်ယူပြီးမှ အသေအချာ အပြီးသတ်နိုင်ခဲ့တာပါ။

မျက်နှာအစားထိုးကုသမှုအပြီး လေးလကြာတဲ့အခါမှာ မောရစ်ဟာ ကိုယ်တိုင်ကိုယ်ကျ အသက်ရှုနိုင်တဲ့ မူလအနေအထား ပြန်ဖြစ်ခဲ့သလို အစာလည်း ပြန်ဝါးနိုင်ခဲ့ပြီး အနံ့အသက်ခံစားမှုနဲ့ စကားပြောဆိုမှုတွေကိုပါ သူ့ရဲ့ အစားထိုးထားတဲ့ မျက်နှာအသစ်ချပ်ချွတ်နဲ့ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်က မောရစ်ဟာ သူရဲ့မျက်နှာကို မတော်တဆ သေနတ်မှန်ခဲ့တဲ့အဖြစ်ကြောင့် သေရာပါတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မျက်နှာပျက်စီးခဲ့သူပါ။ သူ့မျက်နှာကို နဂိုအတိုင်းပြန်ရဖို့ မျက်နှာခွဲစိတ်မှု ငါးကြိမ်အထိ ပြုလုပ်ဖြစ်ခဲ့ပေမဲ့ တကယ်တမ်း ခွဲစိတ်မှုတွေအပြီးမှာတော့ မောရစ်ရဲ့မျက်နှာဟာ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ဘဲ မျက်နှာ အစားထိုးခွဲစိတ်ဖို့ကသာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းနည်းလမ်းဖြစ်လာခဲ့ပါတယ်။

မျက်နှာထိခိုက်ပျက်စီးသွားပြီးနောက်ပိုင်းမှာတော့ အရင်က လူမှုရေး တအားကောင်းပြီး ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါပါးနေလေ့ရှိတဲ့ မောရစ်ဟာ သူ့ရဲ့ပင်ကိုယ်သဘာဝ လုံးလုံး ပျောက်ဆုံးသွားခဲ့ရပါတယ်။ စိတ်အားငယ်မှုကြောင့်ပဲ တစ်ကိုယ်တည်း အခန်းပိတ် နေတတ်လာခဲ့သလို လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး တသီးတသန့် နေတဲ့အကျင့် စွဲလာခဲ့ပါတော့တယ်။

“လူတစ်ယောက်ရဲ့ မျက်နှာကို ထိခိုက်ဒဏ်ရာရတာဟာ သူ့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုနဲ့ လုပ်ရည်ကိုင်ရည်စွမ်းရည်ကိုပါ အနည်းနဲ့အများ တစ်ခါတည်း ဒဏ်ရာရသွားစေတာ အမှန်ပါပဲ။ ဒီခွဲစိတ်မှုကို အောင်အောင်မြင်မြင်ပြီးဆုံးနိုင်ခဲ့တာဟာ မောရစ်ရဲ့ဘဝအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု ပြန်ရှင်သန်လာခဲ့ပြီး သူ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်ဖို့ အဓိပ္ပာယ်ရှိလွန်းခဲ့တဲ့ အောင်မြင်မှုလို့ ပြောရမှာပါ” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

ကျွမ်းကျင်ဆရာဝန်ကြီး ဒေါက်တာ ဒန်နီယယ်ကတော့ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။

“သိပ်ကိုသိမ်မွေ့ အနုစိတ်တဲ့ ခွဲစိတ်မှုပါ။ ပညာရှင်တွေအားလုံး ပူးပေါင်းပြီး အညီညွတ်ဆုံး စုပေါင်းအားနဲ့ အောင်မြင်ခဲ့တဲ့ အကျိုးရလဒ်ပါ။ ဒီ မျက်နှာ အစားထိုးခွဲစိတ်ကုသမှုအတွက် အတတ်ပညာပိုင်း ကျွမ်းကျင်မှုအရ ဆေးပညာ၊ သိပ္ပံပညာ၊ နည်းပညာ၊ စက်မှုပညာ၊ ဖန်တီးမှုအနုပညာ စတဲ့ ပညာရှင်ကြီးတွေရဲ့ အသိဥာဏ်တွေကို အကောင်းဆုံးဖြစ်အောင် ပေါင်းစပ်ပြီးမှ အစေ့စပ်ဆုံး၊ အတိကျဆုံးနဲ့ လုပ်ဆောင်အောင်မြင်နိုင်ခဲ့တဲ့ တကယ့်ခွဲစိတ်မှုကြီးဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို လက်ခံခဲ့တဲ့ လူနာရဲ့ ရဲရင့်မှုကိုလည်း မဖြစ်မနေအသိအမှတ်ပြုရမှာပါ ”

ပြီးခဲ့တဲ့လကပဲ အသက်အငယ်ဆုံးသောသူအဖြစ် မျက်နှာ အစားထိုးခွဲစိတ်မှုကို အောင်မြင်ခဲ့ပာသေးတယ်။ သူကတော့ ၂၁ နှစ်အရွယ် ကေတီ (Katie) ဆိုတဲ့ မိန်းကလေးဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှာ မေးစေ့အောက်ကနေ ရိုင်ဖယ်သေနတ်နဲ့ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့ပေမယ့် အသက်မသေဘဲ မျက်နှာကို ပြင်းပြင်းထန်ထန် ထိခိုက်မှုဖြစ်စေခဲ့တာကြောင့်ပါပဲ။

ကမ္ဘာ့ပထမဆုံးသော မျက်နှာအစားထိုးခွဲစိတ်ကုသမှုကိုတော့ ၂၀၀၅ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: CBSNEWS.COM “Man disfigured by hunting accident becomes world’s oldest face transplant recipient”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top