နာမည်ကြီးဟောင်ကောင်ကိုယ်ခံပညာမင်းသမီးကြီး ချန်ဖိန်ဖိန် ရဲ့မိသားစုက သူ့ရဲ့နောက်ဆုံးဆန္ဒတွေထဲကတစ်ခုကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဆေးဘက်ဆိုင်ရာသုတေသနအတွက် သူ့ရဲ့ဦးနှောက်ကို လှူဒါန်းပြီးတော့ ဆန္ဒတစ်ခုဖြည့်ဆည်းပေးခဲ့တာပါ။ Crouching Tiger၊ Hidden Dragon ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီးကြီးချန်ဖိန်ဖိန်ဟာ ၂၀၂၄ ခုနှစ်က အသက် ၇၈ အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။
နောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ မင်းသမီးကြီးရဲ့မိသားစုက သူ့ရဲ့ဦးနှောက်ကို Atypical Parkinsonism လို အာရုံကြောဆိုင်ရာယိုယွင်းပျက်စီးစေတဲ့ ရောဂါတွေအတွက် သုတေသနပြုလုပ်တာကို ပံ့ပိုးကူညီပေးတဲ့ အမေရိကန်အဖွဲ့အစည်း Brain Support Network ကို လှူဒါန်းခဲ့တယ်လို့ အတည်ပြုပေးထားပါတယ်။
မင်းသမီးကြီး ဖိန်ဖိန်က ၂၀၁၉ ခုနှစ်မှာ ပါကင်ဆန်ရောဂါနဲ့ဆင်တူတဲ့ လှုပ်ရှားမှု၊ မှတ်ဉာဏ်နဲ့ စကားပြောဆိုမှုဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တဲ့ ရှားပါးရောဂါတစ်မျိုး Corticobasal Degeneration (CBD) ရောဂါကို ရှာဖွေတွေ့ရှိခဲ့ရတာပါ။ သူ့ရဲ့ရောဂါကို လျှို့ဝှက်ထားခဲ့ပြီး နောက်ဆုံးအချိန်အထိ မိသားစုနဲ့ အချိန်အများဆုံးကုန်ဆုံးဖို့ ရွေးချယ်ကာ ရောဂါကို တိတ်တဆိတ်ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်။
သူသေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့အေဂျင်စီ Supreme Art Entertainment က မင်းသမီးကြီး ဖိန်ဖိန်က ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသနလုပ်ရာမှာ ကူညီပေးဖို့ သူ့ဦးနှောက်ကို လှူဒါန်းဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူ့ခန္ဓာကိုယ်ကို သုတေသနအတွက် လှူဒါန်းတာက သူ နေမကောင်းမဖြစ်ခင်ကတည်းက အချိန်အကြာကြီးစဉ်းစားနေခဲ့တဲ့အရာဖြစ်တယ်လို့လည်း သိရပါတယ်။ သူ ရောဂါမဖြစ်ခင် နှစ်တော်တော်ကြာကတည်းက သူ့ဆေးဘက်ဆိုင်ရာသုတေသနအတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ဟောင်ကောင်တက္ကသိုလ်ဆီလှူဒါန်းဖို့ သဘောတူညီချက်လက်မှတ်ထိုးထားခဲ့တာပါ။ သူက သုတေသနပြုလုပ်ပြီးသွားတဲ့နောက်လည်း သူ့ရဲ့အရိုးပြာကို ဟောင်ကောင်တက္ကသိုလ်နယ်မြေအတွင်း ကြဲချပေးစေလိုခဲ့တာပါ။
မင်းသမီးကြီး ချန်ဖိန်ဖိန် ကိုမြင်လိုက်တာနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေက မှတ်မိကြမှာပါ။ သူက နာမည်ကြီးဟောင်ကောင်ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့တာပါ။ သူ နောက်ဆုံးပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ Live Action ” Mulan “ပါပဲ။
Ref: Late Cheng Pei Pei’s Family Fulfils Her Final Wish By Donating Her Brain For Medical Research
WL (ရိုးရာလေး)

