သူက ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ဖိနပ်တွေကို တိတ်ကပ်ပြီး စီးတယ်။ အဝတ်အစားဆိုရင်လည်း ဈေးပေါတာပဲ ဝယ်ဝတ်တယ်။ ချက်ပြုတ်စားသောက်ဖို့ ဆိုရင်လည်း ဈေးပေါပေါရအောင် ဈေးပေါင်ကျိုးချိန်ကျမှ သွားဝယ်လေ့ရှိတယ်။
ဇနီး မရှိ၊ သားသမီး မရှိ၊ တကိုယ်တည်းသမားက ဒီလောက်အထိ ချွေတာလွန်းတော့လည်း အလန်နေမန်ကို အပေါင်းအသင်းတွေက ကပ်စေးနည်းကြီးလို့ခေါ်တာ မဆန်းပါဘူး။ အလန်နေမန်က ဝါရှင်တန်ပြည်နယ်ရဲ့ လူမှုဖူလုံရေးဝန်ထမ်းတစ်ဦးပါ။ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၆၇၂၃၄ ပဲ ရသူပါ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အသက် ၆၃ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ မရှိတော့မှ သူ ကပ်စေးနည်းရတဲ့ အကြောင်းရင်းအမှန်ကို မိတ်ဆွေတွေ သိခွင့် ရခဲ့တာပါ။
အလန်နေမန်က သူ့ဘဝတစ်လျှောက်မှာ ဒေါ်လာ ၁၁ သန်းနီးပါး ချွေတာ စုဆောင်းခဲ့ပြီး အဲဒီငွေကြေးအားလုံးကိုလည်း စွန့်ပစ်ခံကလေးငယ်တွေကို ကူညီပေးနေတဲ့ ကလေးပရဟိတအဖွဲ့အစည်းတွေထံ လှူဒါန်းပေးခဲ့တာပါ။
အလန်နေမန်ဟာ အစောပိုင်းက ရှုခင်းကောင်းတဲ့ အိမ်တစ်လုံးဝယ်ဖို့ စိတ်ကူးရှိခဲ့ဖူးပေမဲ့ သူ့မှာ ကင်ဆာရောဂါ ရှိနေမှန်း သိလိုက်ရတဲ့အခါ သူ စုဆောင်းထားတဲ့ ငွေကြေးအားလုံးကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
အလန်နေမန်ရဲ့ လှူဒါန်းမှုအများစုကတော့ Make-A-Wish ၊ Father Flanagan’s Boys Town ၊ Treehouse အဖွဲ့အစည်းတွေဖြစ်ပြီး သူ့မိဘတွေ ဝတ်ပြုလေ့ရှိတဲ့ ကက်သလစ်ဘုရားကျောင်းနဲ့ မသန်စွမ်း အမေရိကန်စစ်မှုထမ်းဟောင်းအဖွဲ့တွေထံလည်း အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
Ref: A frugal social worker left $11 million to children’s charities in his will
NZ (ရိုးရာလေး)

