- အက်တမ်(ATOM) သည် “ATOM’s Lifetime Gift” (ဘဝတစ်သက်တာလက်ဆောင်မွန်) အစီအစဉ်မှ တစ်ဆင့် လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် တည်ဆောက်ပေးရေး ကတိကဝတ်ကို ဆက်လက်ဖော်ဆောင်လျက်ရှိ။
- အက်တမ်(ATOM) မှ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၁,၄၀၀) မတည်လှူဒါန်းထားပြီး မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ကုသမှုခံယူပြီး သို့မဟုတ် ခွဲစိတ်ရန် စောင့်ဆိုင်းနေသည့် ကလေးငယ် (၆၄) ဦးအား ပံ့ပိုးကူညီပေးလျက်ရှိ။
- ဤအစီအစဉ်မှတစ်ဆင့် အက်တမ်(ATOM) သည် ကလေးငယ်များ၏ ကျန်းမာရေး၊ ဘဝအရည်အသွေးနှင့် ယုံကြည်မှုများကို မြှင့်တင်ပေးပြီး ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ် အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသော ကလေးငယ်များအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်သည့် အက်တမ်(ATOM) ရဲ့ “ATOM’s Lifetime Gift” (ဘဝတစ်သက်တာလက်ဆောင်မွန်) အစီအစဉ်မှတစ်ဆင့် လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် တည်ဆောက်ပေးရေး ကတိကဝတ်ကို ဆက်လက်ဖော်ဆောင်လျက်ရှိသည်။ အက်တမ်(ATOM) ၏ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ လူမှုအကျိုးပြု မဏ္ဍိုင်အောက်မှ စတင်ခဲ့သော အဆိုပါအစီအစဉ်သည် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုရရှိနိုင်စေရန်နှင့် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်သည်။



၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အက်တမ်(ATOM) သည် အဆိုပါ အစီအစဉ်အတွက် စုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၁,၄၀၀) မတည်လှူဒါန်းထားပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးငယ် (၆၄) ဦးအား ပံ့ပိုးပေးထားသည်။ ၎င်းတို့အနက် ကလေးငယ် (၄၈) ဦးသည် ခွဲစိတ်ကုသမှုများကို အောင်မြင်စွာ ခံယူပြီးစီးခဲ့ပြီးဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ မန္တလာဆေးရုံတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၌ ကလေးငယ် (၁၀) ဦး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြတ်တော်ဝင်ဆေးရုံတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၌ ကလေးငယ် (၁၀) ဦးနှင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာဆေးရုံတွင် ကလေးငယ် (၂၈) ဦးတို့ ပါဝင်သည်။ ကျန်ရှိသော ကလေးငယ် (၁၆) ဦးကိုလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာဆေးရုံ ၌ ၂၀၂၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း ခွဲစိတ်ကုသပေးသွားရန် စီစဉ်ထားသည်။ အဆိုပါ အစီအစဉ်မှ တစ်ဆင့် အက်တမ်(ATOM) သည် ကလေးငယ်များအတွက် မရှိမဖြစ် လိုအပ်သည့် ခွဲစိတ်ကုသမှု၊ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အနာဂတ် အခွင့်အလမ်းကောင်းများ ရရှိစေရန် ကူညီဆောင်ရွက်ပေးလျက် ရှိပြီး ကလေးငယ်များ၏ ကျန်းမာရေး၊ ဘဝအရည်အသွေးနှင့် ယုံကြည်မှုများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည်။


“ကလေးတိုင်းဟာ ယုံကြည်မှုရှိရှိနဲ့ ပြုံးပျော်ရင်း ပိုမိုတောက်ပတဲ့ အနာဂတ်ကို မျှော်လင့်နိုင်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍဟာ နည်းပညာနဲ့ လူတွေကို ချိတ်ဆက်ပေးရုံတင်မကဘဲ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းကို ပြန်လည်ပံ့ပိုးပေးဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ “ATOM’s Lifetime Gift” အစီအစဉ်နဲ့ စိတ်ချယုံကြည်ရတဲ့ ဆေးဘက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အတူတူပူးပေါင်း ဆောင်ရွက်မှုကနေတစ်ဆင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှု လိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ သုခချမ်းသာကို မြှင့်တင်ပေးရုံတင်မကဘဲ သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုမိုတောက်ပတဲ့ အပြုံးတွေ၊ ပိုမိုကြီးမားတဲ့ ယုံကြည်မှုတွေ၊ အခွင့်အလမ်းအသစ်တွေနဲ့ မျှော်လင့်ချက်တွေကိုပါ ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

အက်တမ်(ATOM) ၏ ပံ့ပိုးကူညီမှုတွင် ယုံကြည်စိတ်ချရသော ဆေးဘက်ဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်း၊ ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်များ၊ ဆေးရုံတက်ရောက်ရမှု၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးများ၊ နှင့် ခွဲစိတ်ပြီးနောက် တိုက်ရိုက် စောင့်ရှောက်မှုများ အပါအဝင် ကုသမှုဆိုင်ရာ လိုအပ်သည့် ကုန်ကျစရိတ် အားလုံးပါဝင်သည်။ အကျိုးခံစားခွင့်ရှိသူများကို ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ အပေါ် မူတည်၍ အက်တမ်(ATOM) ၏ မိတ်ဖက်ဆေးရုံများက စိစစ်ရွေးချယ်ခြင်း ဖြစ်သည်။ ကလေးငယ်များသည် မွေးရာပါ နှုတ်ခမ်းကွဲ နှင့်/သို့မဟုတ် အာခေါင်ကွဲရောဂါ ခံစားနေရသူဖြစ်ရုံသာမက ခွဲစိတ်ကုသမှုခံယူရန် ကျန်းမာရေးအရ သင့်တော်သူလည်း ဖြစ်ရန်လိုအပ်ပြီး ကုသမှုမပြုမီ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်သည်။

မြတ်တော်ဝင်ဆေးရုံ၏ Chief Operation Officer (COO)ဒေါက်တာပိုးဆန္ဒီဇော် ကလည်း “မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်ပွားမှုတွေဟာ ကလေးတစ်ဦးရဲ့ ကျန်းမာရေး၊ အစားစားခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်း စတဲ့ အဓိက လုပ်ဆောင်ချက်တွေအပြင် ယုံကြည်မှုနဲ့ အထွေထွေ သုခချမ်းသာကိုပါ ထိခိုက်စေနိုင်တဲ့ မွေးရာပါ ရောဂါအခြေအနေများ ဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ခွဲစိတ်ကုသမှုနဲ့ နောက်ဆက်တွဲ စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခြင်းဖြင့် ကလေးတွေရဲ့ ကျန်းမာရေး ရလဒ်တွေကို ပိုမိုကောင်းမွန်လာစေပြီး ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် သိသိသာသာ ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်မှာပါ။ အခုလို ကလေးတွေ လိုအပ်နေတဲ့ ဆေးဝါးကုသမှုတွေကို ရရှိနိုင်အောင် ကူညီပံ့ပိုးပေးတဲ့ အက်တမ်(ATOM) ကို လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှု ကနေတစ်ဆင့် ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးရလဒ်တွေနဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်ကို ပံ့ပိုးပေးသည့်အနေဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ သို့မဟုတ် အာခေါင်ကွဲ ခွဲစိတ်ကုသမှု လိုအပ်နေသည့် ကလေးငယ်များရှိသည့် မိသားစုများထံ သတင်းအချက်အလက်များကို မျှဝေပေးကြရန် အက်တမ်(ATOM) မှ မိဘပြည်သူများအား တိုက်တွန်းလိုပါသည်။ စာရင်းပေးသွင်းခြင်းနှင့် စုံစမ်းမေးမြန်း လိုသည်များအတွက် မိဘများ သို့မဟုတ် အုပ်ထိန်းသူများသည် ဥက္ကလာဆေးရုံသို့ ဖုန်းနံပါတ် ၀၉-၇၇၁၅၃၁၈၁၄ နှင့် ၀၉-၉၆၃၀၆၂၀၀၃ တို့မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်နိုင်သည်။
NZ (ရိုးရာလေး)

