နာဇီတွေလက်ထဲမှ ဂျူးတွေကို ကယ်တင်ပေးခဲ့တဲ့ စက်ဘီးချန်ပီယံ

bike.jpg

ဂျီနိုဘာတာလီ (Gino Bartali) ဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက အီတလီနိုင်ငံရဲ့ နာမည်ကြီး စက်ဘီးပြိုင်ပွဲ Giro d’Italia မှာ နှစ်ကြိမ်၊ Tour de France မှာ တစ်ကြိမ် ဗိုလ်စွဲထားလို့ ပြည်သူ့အချစ်တော် စက်ဘီးချန်ပီယံတစ်ယောက်ပါ။

၁၉၄၃ ခုနှစ်မှာ နာဇီက အီတလီကို သိမ်းပိုက်လိုက်တဲ့အခါ ဂျူးလူမျိုးတွေ အဖမ်းမခံရအောင် ကူညီပေးနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ သူ ပူးပေါင်းခဲ့ပါတယ်။ သူ စက်ဘီးစီး လေ့ကျင့်နေတာဆိုပြီး မြို့တွေကြား မိုင်ချီစက်ဘီးစီးပြီးတော့ စာရွက်စာတမ်းအတုတွေနဲ့ ဓာတ်ပုံတွေကို စက်ဘီးကိုယ်ထည်ထဲမှာ ဝှက်ယူသယ်ဆောင်ပေးခဲ့ပါတယ်။

ဂျီနိုဟာ ၁၁ နှစ်သားကတည်းက စက်ဘီး စစီးခဲ့ပြီး ၁၇ နှစ်မှာ ချန်ပီယံဆု စတင်ရရှိခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် Tour de France ပြိုင်ပွဲမှာ သူ အနိုင်ရတော့ အီတလီရဲ့ အာဏာရှင် မူဆိုလိုနီက သူ့ရဲ့အောင်ပွဲကို နိုင်ငံရေးဝါဒဖြန့်ဖို့ သုံးချင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျီနိုက သူ့ရဲ့အောင်ပွဲကို မူဆိုလိုနီအတွက် မရည်ညွှန်းခဲ့သလို အီတလီကို ပြန်ရောက်တဲ့အခါမှာလည်း ဘာဆုတံဆိပ်မှ လက်မခံခဲ့ပါဘူး။

၁၉၄၃ ခုနှစ် စက်တင်ဘာလမှာ ခရစ်ယာန် ဘုန်းတော်ကြီး ကာဒီနယ်ကော့စတာက ဂျူးတွေကို ကူညီပေးဖို့ သူ့ကို လာရောက်အကူအညီတောင်းခဲ့ပြီး ဂျီနိုကလည်း ချက်ချင်း သဘောတူခဲ့ပါတယ်။ တမြို့နဲ့ တမြို့ကြား စက်ဘီးစီး ကျင့်လေ့ရှိတဲ့ ဂျီနိုရဲ့ အလေ့အကျင့်ကြောင့် သူ့ကို ဘယ်သူမှ သံသယမဖြစ်ခဲ့ကြပါဘူး။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေနဲ့ တွေ့ရင်လည်း ဂျီနိုက စစ်သားတွေကို စက်ဘီးအကြောင်းပြောပြီး အာရုံလွှဲတတ်ပါတယ်။

“ကျွန်တော့်စက်ဘီးကို မကိုင်ပါနဲ့၊ ဒါက ကျွန်တော့် စီးပုံစီးနည်းအတိုင်း အတိအကျ ချိန်ထားတာမို့လို့ပါ” ဆိုပြီး စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းလေ့ရှိပါတယ်။ သူဟာ စာရွက်စာတမ်းတွေ သယ်ပေးရုံတင်မကဘဲ သူသိတဲ့ ဂျူးလူမျိုး ဂိုးလ်ဒင်းဘတ် (Goldenberg) မိသားစုကိုလည်း ဝှက်ထားပေးပြီး ကူညီခဲ့ပါသေးတယ်။

၁၉၄၄ ခုနှစ်မှာတော့ ဂျီနိုဟာ လျှို့ဝှက်လှုပ်ရှားသူတွေကို နှိပ်စက်စစ်ဆေးတဲ့ ဖလောရန့်စ်မြို့မှ Villa Triste ထောင်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ သူ့ကို စစ်ဆေးတဲ့သူတွေထဲမှာ သူ့ရဲ့ တပ်မှူးဟောင်း ပါနေခဲ့ပါတယ်။ ဂျီနိုက ဒီကိစ္စမှာ ဘာမှ မသိဘဲ ပါဝင်မိသူလို့ အာမခံပေးတာကြောင့် သူ ပြန်လွတ်ခဲ့တာပါ။

ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားတဲ့နောက်မှာတော့ ဂျီနိုက စက်ဘီးပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပြီး ဆုတွေလည်း ထပ်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်အတွင်းက သူ ကူညီခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ထုတ်မပြောခဲ့ပါဘူး။ နောက်ပိုင်းမှာ သုတေသီတစ်ယောက်က ဒီအကြောင်း လာမေးတဲ့အခါမှာလည်း သူက “ကျွန်တော် လုပ်ခဲ့တာတွေဟာ ကျွန်တော့်ရဲ့ အသိစိတ်အရ လုပ်ခဲ့တာမို့ စာအုပ်ထဲမှာ မှတ်တမ်းတင် မခံချင်ဘူး” ဆိုပြီး အင်တာဗျူးဖို့ ငြင်းခဲ့ပါတယ်။ နောက်ဆုံး လက်ခံလိုက်ချိန်မှာတောင် အသံမဖမ်းဖို့ ကတိတောင်းပြီးမှ ပြောပြခဲ့တာပါ။

သူ ကွယ်လွန်တဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကျမှသာ သူရဲကောင်းဆန်တဲ့ သူ့လုပ်ရပ်တွေကို လူသိများလာခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာ့ဂျူးအဖွဲ့အစည်း Yad Vashem က ဟိုလိုကော့စ်ဖြစ်ရပ်မှာ ဂျူးလူမျိုးတွေကို ကိုယ်ကျိုးစွန့် ကယ်တင်ခဲ့တဲ့အတွက် သူ့ကို Righteous Among the Nations ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ပါတယ်။

Ref: He won the Tour de France twice. Then used his bike as cover to help Jews escape the Nazis

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top