ရောဂါဘယတွေအကြောင်းကို သိပ္ပံပညာရှင်တွေ ပိုမိုနားလည်လာပြီး ကုထုံးအသစ်တွေ ရှာဖွေဖို့ ရည်ရွယ်ကာ အမေရိကန်အစိုးရ၊ Google DeepMind၊ Meta နဲ့ သုတေသနအဖွဲ့အစည်းတွေက Virtual Biology Initiative ဆိုတဲ့ အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံတန် AI စီမံကိန်းကြီးကို ပူးပေါင်းလုပ်ဆောင်နေကြပါပြီ။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ Virtual Biology Initiative စီမံကိန်းကို ကြေညာခဲ့တာဖြစ်ပြီး မာ့ခ်ဇူကာဘတ်နဲ့ ဇနီးဖြစ်သူ ပရစ်ဆီလာချန်း တို့ တည်ထောင်ထားတဲ့ Biohub သုတေသနအဖွဲ့က ဦးဆောင်နေတာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ အခြေအနေအမျိုးမျိုးမှာ ဆဲလ်တွေ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို စုဆောင်းသွားမှာပါ။ AI မော်ဒယ်တွေက ဒီအချက်အလက်တွေကို အသုံးပြုပြီး ဆဲလ်တွေရဲ့ ဇီဝဗေဒဆိုင်ရာ တုံ့ပြန်ပုံတွေကို ကြိုတင်ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ ကြိုတင်ခန့်မှန်းချက်တွေကို အသုံးပြုပြီး သုတေသီတွေအနေနဲ့ ဓာတ်ခွဲခန်းထဲမှာ ဘယ်လိုစမ်းသပ်မှုတွေ လုပ်သင့်လဲဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
အချက်အလက်စုဆောင်းမှုကို ၁ နှစ်အတွင်း ရရှိဖို့ Biohub က မျှော်မှန်းထားပြီး ၅ နှစ်အတွင်းမှာတော့ တိကျတဲ့ ကြိုတင်ခန့်မှန်းမှုမော်ဒယ်တွေ ထွက်ပေါ်လာဖို့ ရည်မှန်းထားပါတယ်။
အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ၅ နှစ်တာကာလအတွင်း ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး Meta ၊ Google DeepMind နဲ့ ဆေးဝါးသုတေသနကုမ္ပဏီ Isomorphic Labs တို့က စုပေါင်းပြီး ဒေါ်လာ သန်း ၃၀၀ စိုက်ထုတ်သွားမှာပါ။ Biohub ကလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒေါ်လာ သန်း ၃၀၀ မတည်ပေးထားပြီး ဖြစ်ပါတယ်။
ဒီစီမံကိန်း အောင်မြင်ရင် သိပ္ပံပညာရှင်တွေအတွက် ရောဂါတွေကို လေ့လာဖို့နဲ့ ဘယ်စမ်းသပ်မှုတွေ အရင်လုပ်ရမလဲဆိုပြီး ရွေးချယ်ရာမှာ အများကြီး အထောက်အကူပြုမှာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ဒီနည်းပညာက ဆေးဝါးအသစ်တွေ ဖော်ထုတ်ပေးနိုင်မလား၊ ဒါမှမဟုတ် ဆေးဝါးထုတ်လုပ်ဖို့ အချိန်ကာလကို တိုတောင်းစေနိုင်မလားဆိုတာတော့ သက်သေမပြနိုင်သေးပါဘူး။
Ref: Biohub expands AI cell research into a $1.8 billion effort
NZ (ရိုးရာလေး)

