မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်သည့် အနေဖြင့် မြန်မာ့ဩဘာလုပ်ငန်းစု သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Startup World Cup Myanmar 2026 တွင် ပါဝင်ပံ့ပိုးခဲ့သည်။ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပခဲ့သည်။

YEN-D Myanmar Association (Young Entrepreneur Network Development Association – Myanmar) က ဦးဆောင်ကျင်းပသည့် Startup World Cup Myanmar 2026 သည် မြန်မာနိုင်ငံရှိ Startup လုပ်ငန်းများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအတွက် ၎င်းတို့၏ လုပ်ငန်းအကြံဉာဏ်များကို တင်ပြယှဉ်ပြိုင်နိုင်ရန်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေနိုင်ရန်နှင့် နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးသည့် ပြိုင်ပွဲဖြစ်သည်။

ဤပြိုင်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍအသီးသီးမှ Startup လုပ်ငန်းများနှင့် Founder များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Region Final နောက်ဆုံးအဆင့်သို့ ဆန်ကာတင် ရွေးချယ်ခံရသည့် လုပ်ငန်း (၁၀) ခုမှ ၎င်းတို့၏ လုပ်ငန်းအကြောင်းအရာများ၊ ဆန်းသစ်တီထွင်မှုများနှင့် တိုးတက်နိုင်မည့် အလားအလာများကို အကဲဖြတ်ဒိုင်များရှေ့မှောက်တွင် တင်ပြယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ့ဩဘာလုပ်ငန်းစု အနေဖြင့် ပြည်တွင်း Startup လုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များကို မြေတောင်မြှောက်ပေးရန်၊ ကမ္ဘာ့အဆင့်မီ တိုးတက်လာစေရန်နှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် Diamond Sponsor အဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ပံ့ပိုးကူညီခဲ့ပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစု၏ လုပ်ငန်းစုအမှုဆောင်အရာရှိချုပ် ဦးသတိုးဟိန်း က အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် လုပ်ငန်းများ၏ လုပ်ငန်းအကြံဉာဏ်၊ ဆန်းသစ်တီထွင်မှု၊ လုပ်ငန်းတိုးချဲ့နိုင်မည့် အလားအလာနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို အကဲဖြတ်ပေးခဲ့သည်။

မြန်မာ့ဩဘာလုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီကျော်လွင်ဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့ ဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ စွန့်ဦးတီထွင်နိုင်စွမ်းတွေနဲ့ အဲဒီအတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အခွင့်အလမ်းတွေဟာ အရေးကြီးပါတယ်။ Startup World Cup Myanmar 2026 လို ပြိုင်ပွဲတွေက စွန့်ဦးတီထွင်သူတွေကို သူတို့ရဲ့ လုပ်ငန်းအကြံဉာဏ်တွေကို တင်ပြခွင့်ရစေရုံသာမက နိုင်ငံတကာအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့နဲ့ လုပ်ငန်းတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်တွေ ရှာဖွေနိုင်ဖို့လည်း အထောက်အကူပြုပါတယ်။ မြန်မာ့ဩဘာလုပ်ငန်းစု အနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူတွေနဲ့အတူ လက်တွဲလုပ်ဆောင်လာခဲ့တဲ့ အတွေ့အကြုံတွေကနေ လူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အလားအလာတွေကို မြှင့်တင်ပေးဖို့ အခွင့်အလမ်းဖန်တီးပေးခြင်းရဲ့ အရေးပါမှုကို နားလည်ထားပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့အလားအလာကို အသိအမှတ်ပြုပြီး သူတို့ရဲ့ လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာနိုင်ဖို့ ပံ့ပိုးပေးတဲ့ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကို ပိုမိုဖော်ထုတ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ဖို့ အခွင့်အလမ်းတွေကို ဆက်လက်အားပေးပံ့ပိုးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Startup World Cup သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ Startup လုပ်ငန်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် Business Idea Pitching ပြိုင်ပွဲကြီးဖြစ်ပြီး Pegasus Tech Ventures မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အဆိုပါပြိုင်ပွဲကို YEN-D (Myanmar) နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု Winner အဖြစ် ရွေးချယ်ခံခဲ့ရသည့် “Kyar Nyo Thin” Startup လုပ်ငန်းသည် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် Grand Finale ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ကမ္ဘာ့အဆင့် Grand Finale ပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ ၁ သန်း (US$1,000,000) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်မည့် အခွင့်အရေးအတွက် နိုင်ငံတကာမှ Startup လုပ်ငန်းများနှင့်အတူ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် လူမှုအသိုက်အဝန်းများ အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ဖန်တီးပေးရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပါသည်။ ထိုရည်ရွယ်ချက်နှင့်အညီ ဆန်းသစ်တီထွင်မှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ဆောင်မှုများကို အားပေးမြှင့်တင်သည့် အစီအစဉ်များတွင်လည်း ဆက်လက်ပါဝင်ပံ့ပိုးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံ၏ အနာဂတ်အတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖော်ဆောင်နိုင်ရန် မြန်မာ့ဩဘာလုပ်ငန်းစုက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
NZ (ရိုးရာလေး)

