သားအဖနှစ်ယောက် မြေကျင်းထဲမှာ လဲလျောင်းရင်း ကောင်းကင်ကြီးကို မော့ကြည့်နေကြတဲ့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက လူတော်တော်များများကို စိတ်ထိခိုက်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမီးငယ် ကွယ်လွန်သွားတဲ့အခါ ဒီမြေကျင်းထဲမှာ မြှုပ်နှံဖို့ ဖခင်ကိုယ်တိုင် တူးထားတာကြောင့်ပါပဲ။

၂၀၁၇ ခုနှစ်တုန်းက တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရှင်းလဲ့ (Xinlei)ဟာ သာလာဆီးမီးယားလို့ခေါ်တဲ့ မျိုးရိုးလိုက် သွေးရောဂါ ခံစားနေရပြီး သွေးသွင်းကုသမှု ခံယူနေရတာပါ။ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစု စုဆောင်းထားသမျှလည်း ကုန်သွားပါပြီ။
ဖခင်ဖြစ်သူ ကျန်းလီယုံ (Zhang Liyong)က အသိမိတ်ဆွေတွေဆီကနေ ငွေချေးပြီး သမီးလေးကို ကုသပေးဖို့ ကြိုးစားပေမဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု (Transplant) အတွက်ကျတော့ မလောက်ငခဲ့ပါဘူး။ အကောင်းဆုံး ကြိုးစားပေမဲ့ အဆိုးဆုံး အခြေအနေကိုလည်း ကြိုတွေးထားတဲ့ ကျန်းလီယုံဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ သမီးလေး ကြောက်ရွံ့မနေစေဖို့ ဒီမြေကျင်းဆီကို နေ့တိုင်းခေါ်ဆောင်သွားလေ့ရှိပါတယ်။

သူတို့သားအဖနှစ်ယောက် မြေကျင်းထဲ လှဲလျောင်းနေတဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ် ပျံ့နှံ့သွားပြီးနောက်မှာတော့ ရှင်းလဲ့ရဲ့ ဆေးကုသစရိတ်အတွက် လှူဒါန်းမှုအများအပြား ရရှိခဲ့သလို ဒေသခံအစိုးရအဖွဲ့လည်း ဆေးဖိုးဝါးခ အများစုကို ကျခံပေးခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ စီးပွားရေးသမားတစ်ယောက်ကလည်း အလှူငွေ အများအပြား ပေးအပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အံ့အားသင့်စရာ အလှည့်အပြောင်းတစ်ရပ် ကြုံခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရှင်းလဲ့ရဲ့ ညီမလေးကို မွေးဖွားခဲ့ပြီး ညီမလေးရဲ့ သိမ်းဆည်းထားတဲ့ ချက်ကြိုးသွေး (Umbilical Cord Blood) ဟာ ရှင်းလဲ့ အသက်ရှင်ဖို့အတွက် အခွင့်အရေးကောင်း ဖြစ်လာခဲ့ပါတယ်။
ရှင်းလဲ့ဟာ ၈ နာရီကြာတဲ့ ပင်မဆဲလ် (Stem Cell) အစားထိုးကုသမှု ခံယူခဲ့ပြီး နာလန်ထ ကာလတစ်ခု ကျော်ဖြတ်ခဲ့ရပြီးနောက်မှာတော့ ရောဂါအမြစ်ပြတ် ပျောက်ကင်းသွားခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေ ကြုံရရင် ရှင်းလဲ့ကို မြှုပ်နှံဖို့ ဖခင်ကိုယ်တိုင် တူးထားတဲ့ မြေကျင်းလေးကိုတော့ သူတို့မိသားစုတွေက မြေပြန်ဖို့ပြီး နေကြာပန်းတွေ စိုက်ပျိုးခဲ့ကြပါတယ်။
ရှင်းလဲ့ရဲ့မိခင်ကတော့ ဒီနေရာကို “ရှင်းလဲ့ရဲ့ မှော်ဆန်တဲ့ ဥယျာဉ်လေး” လို့ အမည်ပေးခဲ့ပါတယ်။
Ref: Xinlei’s Magical Garden
NZ (ရိုးရာလေး)

