သမ္မတ ဂျိုး ဘိုင်ဒင် ဆီက အားပေးစကားကြားခဲ့ရတဲ့ စကားထစ်တဲ့ ၉ နှစ် သမီးလေး

3.12.2021yyl10.png

လွန်ခဲ့တဲ့ သီတင်းပတ်ကျော်လောက်က မက်ဆာချူးဆက်ပြည်နယ်မှာ နေထိုင်တဲ့ အာဗယ်ရီ (Avery) အမည်ရတဲ့ အသက် ၉ နှစ်အရွယ် ကလေးမလေးဟာ သမ္မတဂျိုး ဘိုင်ဒင်နဲ့ တွေ့ဆုံမိခဲ့တဲ့အချိန် သမ္မတဆီက အားပေးစကားတချို့ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီကလေးမလေးက သမ္မတကို တွေ့တော့ သူလည်း သမ္မတလိုပဲ စကားထစ်တယ်လို့ ပြောခဲ့တဲ့အတွက် သမ္မတ ဂျိုး ဘိုင်ဒင်က အားပေးစကားဆိုခဲ့တာပါ။ ဒီအကြောင်းကို အာဗယ်ရီရဲ့မိခင် ဂျက်ဆီကာ ဂစ်ဖ်ဖော့ဒ် နီဂရီလီ (Jessica Gifford Nigrelli) က ဖေ့စ်ဘွတ်မှာ ပို့စ်တင်ပြီး ပြောပြခဲ့တာဖြစ်ပါတယ်။

“သမ္မတက ဩချရလောက်စရာ လူတစ်ယောက်ပါ။ သူ သမ္မတဖြစ်နေလို့ ပြောတာမဟုတ်ဘူး။ သူ့ရဲ့လူသားဆန်မှုနဲ့ ဂရုဏာကြောင့်ပါ”လို့ ဂျက်ဆီကာက ဆိုပါတယ်။ သမ္မတ ဂျိုး ဘိုင်ဒင်က ဆီးနတ်အမတ်ဖြစ်ခဲ့တဲ့အချိန်ကစတင်ခဲ့တဲ့ မိသားစုဓလေ့ထုံးစံတစ်ခုဖြစ်တဲ့ ကျေးဇူးတော်နေ့အတွက် မက်ဆာချူးဆက်ပြည်နယ်က Nantucket ကျွန်းကို ရောက်လာခဲ့တာပါ။

အာဗယ်ရီက “သမ္မတကြီး… သမီးလည်း သမ္မတကြီးလို စကားထစ်တယ်” လို့ သမ္မတဂျိုး ဘိုင်ဒင်ကို ပြောလိုက်တဲ့အခါမှာ သမ္မတက သူလုပ်နေတဲ့အရာအားလုံးကို ရပ်လိုက်ပြီး အာဗယ်ရီရဲ့ပခုံးနှစ်ဖက်ကို ကိုင်ကာ မျက်လုံးတွေကို ကြည့်ပြီး “ဒါကို မှတ်ထားပါ။ အဲဒါက သမီးကို အဓိပ္ပာယ်သတ်မှတ်လို့မရဘူး။ အဘိုးဆိုရင် ဘဝတစ်လျှောက်လုံး စကားထစ်ခဲ့တယ်။ အခုဆိုရင် အမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်နေပြီ။ သမီးလည်း သမီးလုပ်ချင်တဲ့ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်” လို့ အားပေးစကားဆိုခဲ့ပါတယ်။

အာဗယ်ရီနဲ့ သမ္မတကြီးတို့ တွေ့ဆုံစဉ်အတောအတွင်းမှာ စကားလုံးတွေထွက်မလာတဲ့အခါ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို အာဗယ်ရီကို သမ္မတကြီးက ပေးခဲ့ပါတယ်။ မှတ်စုစာအုပ်ထဲမှာ မှတ်သားထားတဲ့ စကားပြော၊ စကားလုံးတွေကို အာဗယ်ရီဆီ ပို့လို့ရနိုင်မလားလို့လည်း သမ္မတ ဂျိုး ဘိုင်ဒင်က အာဗယ်ရီရဲ့ မိခင်ကို မေးခဲ့ပါတယ်။ သမ္မတကြီးက အာဗယ်ရီရဲ့ညီမလေး ကာရီနာကိုလည်း ပွေ့ချီခဲ့သလို ကာရီနာရဲ့ဝက်ဝံရုပ်အကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။

အာဗယ်ရီက သမ္မတကြီးကို ပွေ့မဖက်ခင် “စကားထစ်တာကို ကြိုးစားပြီးပြောမယ်ဆိုရင် စကားထစ်တာ ပျောက်သွားပါလိမ့်မယ်” လို့လည်း သမ္မတကြီးက ပြောကြားခဲ့ပါတယ်။ သမ္မတကြီးက အာဗယ်ရီတို့မိသားစုကို အိမ်ဖြူတော်လာလည်ဖို့လည်း ဖိတ်ကြားခဲ့ပါသေးတယ်။

အာဗယ်ရီနဲ့ သမ္မတကြီးတို့တွေ့ဆုံပြီး နောက်တစ်နေ့ တွစ်တာမှာ သူတို့တွေ့ဆုံတဲ့ဗီဒီယိုကို တင်ခဲ့တဲ့ အာဗယ်ရီရဲ့ဉီးလေးထံ သမ္မတကြီးက ဆက်သွယ်ခဲ့ပါတယ်။ သူတို့မိသားစုကို အိမ်ဖြူတော်လာဖို့နဲ့ အာဗယ်ရီနဲ့ အချိန် ၁ နာရီလောက် နေ့လည်စာစားပြီး စကားစမြည်းပြောချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

အာဗယ်ရီရဲ့မိခင် ဂျက်ဆီကာက သမ္မတကြီးကို ကျေးဇူးတင်စကားဆိုထားပါတယ်။ “သမီးလေး စကားထစ်တာကြောင့် ဒုက္ခရောက်နေမယ်လို့ ကျွန်မမထင်ခဲ့မိဘူး။ သမ္မတကြီး…. မိခင်တစ်ယောက်အနေနဲ့ နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ချင်ပါတယ်”လို့ ဆိုပါတယ်။

သမ္မတကြီးနဲ့ အာဗယ်ရီတို့ တွေ့ဆုံမှုက အာဗယ်ရီရဲ့ဘဝမှာ ကောင်းတဲ့သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ “မနေ့က သမီးလေး ကျောင်းသွားတော့ စကားထစ်ခဲ့တယ်။ ဒါပေမဲ့ သမ္မတကြီး ပြောခဲ့တဲ့စကားကို အမှတ်ရခဲ့တယ်။ ဒါကြောင့် စကားကို ကြိုးစားပြီးပြောခဲ့တယ်။ စကားလုံးတွေ ထွက်လာခဲ့တယ်” လို့ ဂျက်ဆီကာက ပြောပါတယ်။

သမ္မတဂျိုး ဘိုင်ဒင်ရဲ့မိန့်ခွန်းတွေကလည်း အခြားကလေးငယ်တွေကို အားတက်အောင် လှုပ်ဆော်ပေးနိုင်ပါတယ်။ ၂၀၂၀ခုနှစ် ဩဂုတ်လက အသက် ၁၃ နှစ် အရွယ် ဘရေဒန် ဟာရင့်တန် (Brayden Harrington) ဆိုတဲ့ ကောင်လေးက သမ္မတကြီး ဒုသမ္မတဖြစ်စဉ်အခါက သူ စကားထစ်တာနဲ့ပတ်သက်ပြီး ကူညီပေးခဲ့တယ်ဆိုတာကို Democratic National Convention မှာ မိန့်ခွန်းပြောကြားခဲ့ဖူးပါတယ်။ ဂျိုး ဘိုင်ဒင် ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာလည်း ဘရေဒန်က သမ္မတကြီးကို စံပြပုဂ္ဂိုလ်ဖြစ် မြင်ကြောင်း CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Video ကြည့်ရှုရန်

Ref: CBSNews “Biden encourages young Massachusetts girl who has a stutter: “It doesn’t define you””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top