သူ့ရေမွှေးကို အထွေထွေသုံးဆိုင်နဲ့ ဓာတ်ဆီဆိုင်တွေမှာ လျှော့စျေးနဲ့ရောင်းချလို့ တရားစွဲဆိုလိုက်တဲ့ ဘက်ခမ်း

bacc.jpg

နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ရဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ DB Ventures က နာမည်ကြီး အလှကုန်နဲ့ ရေမွှေးကုမ္ပဏီကြီး Coty ကို စာချုပ်ပါ စည်းကမ်းချက်တွေ ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့ သတင်းဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ရဲ့ ရေမွှေးတွေဟာ အဆင့်အတန်းမြင့် ဇိမ်ခံပစ္စည်း ပုံရိပ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Coty ကုမ္ပဏီဟာ DB Ventures ရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီရေမွှေးတွေကို ဗြိတိန်က တန်ဖိုးနည်း အထွေထွေသုံးဆိုင်နဲ့ ဓာတ်ဆီဆိုင်တွေရဲ့ လျှော့ဈေးခြင်း တွေထဲမှာ ဈေးပေါပေါနဲ့ ချရောင်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဓာတ်ဆီဆိုင်နဲ့ ဒေါ်လာစတိုးလို ဆိုင်မျိုးတွေမှာ ဈေးပေါပေါနဲ့ ရောင်းချခံရတာဟာ ဘက်ခမ်းရဲ့ အမှတ်တံဆိပ် ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေပြီး “လောဘဇောတိုက်ပြီး ဖြစ်သလို ရောင်းချတာ ” လို့ တရားရုံးစာရွက်စာတမ်းထဲမှာ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ဒါ့အပြင် စာရင်းစစ်ဆေးချက်အရ Coty ဟာ အသားတင်ရောင်းရငွေ ဒေါ်လာ ၁၂၃ သန်းကို လျှော့ပြခဲ့တာကြောင့် မူပိုင်ခွင့်ရငွေ ဒေါ်လာ ၆ သန်းလည်း နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နစ်နာကြေး အမေရိကန်ဒေါ်လာ ၄၁ သန်း (စင်ကာပူဒေါ်လာ ၅၃ သန်းခန့်) အနည်းဆုံး ပေးလျော်ဖို့နဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ နယူးယောက်တရားရုံးမှာ တောင်းဆိုထားတာပါ။

Cotyကုမ္ပဏီကတော့ ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး အမှုကို ပယ်ဖျက်ပေးဖို့ တရားသူကြီးထံ လျှောက်ထားပါတယ်။ အဲ့လိုဆိုင်တွေမှာ ရောင်းချခဲ့တာ မရှိဘူးလို့ ငြင်းဆိုသလို စာချုပ်အရ ဘယ်နေရာမှာ ရောင်းချမလဲဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ချေပထားပါတယ်။ ဒါ့အပြင် Beckham ဘက်က ဒီအကြောင်းပြချက်ကို အသုံးချပြီး လက်ရှိစာချုပ်ကို စောစီးစွာ ဖျက်သိမ်းကာ ပြိုင်ဘက် ရေမွှေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Interparfums ဆီ ပြောင်းရွှေ့လက်တွဲချင်လို့ တမင်အကွက်ဆင် တရားစွဲတာသာ ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။

လက်ရှိမှာတော့ နယူးယောက်တရားရုံးက Coty ရဲ့ အမှုပယ်ဖျက်ပေးဖို့ လျှောက်ထားချက်အပေါ် ဆုံးဖြတ်ချက်ချမယ့် အဆင့်ကို ရောက်ရှိနေပါတယ်။

Ref: David Beckham sues for $53m after his fragrance is sold in gas stations and discount stores

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top