စားသောက်ဆိုင်ထဲကို သူဖုန်းစားတစ်ယောက် ဝင်လာတဲ့အခါ ဆိုင်ထဲမှာရှိသူတွေက မနှစ်မြို့တဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်ကြတယ်။ ဆိုင်ထဲက မောင်းထုတ်ပေးဖို့ တောင်းဆိုသူတွေရှိနေတဲ့ကြားကနေ စားပွဲထိုးအမျိုးသမီးတစ်ယောက်က သူဖုန်းစားအဘိုးအိုရှေ့ ရောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။
” ကျွန်မနာမည် မာရီယာပါ။ ဘာများ မှာယူချင်ပါသလဲရှင်”ဆိုပြီး ပုံမှန်စားသုံးသူတစ်ယောက်ကို ဝန်ဆောင်မှုပေးတဲ့ပုံစံအတိုင်း ပြုံးပြုံးရွှင်ရွှင် မေးတာပါ။ သူဖုန်းစားအဖိုးအိုကတော့ သူ့ကို တလေးတစား ဆက်ဆံတဲ့ မာရီယာကို စိတ်ထဲကနေ ကျေးဇူးတင်နေမိတယ်။ အခြားသူတွေက သူ့ကို သူဖုန်းစားဆိုပြီး ခွဲခြားဆက်ဆံကြချိန်မှာ မာရီယာက သူ့ကို လူသားတစ်ယောက်အဖြစ် လေးစားသမှုနဲ့ ဆက်ဆံလို့ပါပဲ။
အဲဒီအချိန်မှာပဲ ဆိုင်မန်နေဂျာက မာရီယာကို လှမ်းခေါ်တယ်။ ပြီးတော့ တိုးတိုးတိတ်တိတ် ပြောလိုက်တယ်။ ” အဲဒီအဖိုးကြီး စားပြီး ပိုက်ဆံရှင်းမသွားရင် နင့်လစာထဲက ဖြတ်မှာနော်”တဲ့။ မာရီယာက အဖိုးအိုကို သူတို့ဆိုင်ရဲ့ စားကောင်းသောက်ဖွယ်တွေ ယူလာပေးတယ်။
” စားနော်။ ဘယ်လောက်ကျမလဲဆိုပြီး စိတ်ပူမနေနဲ့။ ဒါက ဆိုင် ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျွေးတာပါ။ ရှင်းစရာမလိုဘူးနော်”လို့ မာရီယာက ပြောလိုက်တယ်။ စားသောက်ပြီးတဲ့အချိန်မှာတော့ သူဖုန်းစား အဘိုးအိုက မာရီယာကို ကျေးဇူးတင်စကား အထပ်ထပ်ပြောရင်း ဆိုင်ထဲက ထွက်သွားခဲ့တယ်။
မာရီယာက အဘိုးအို ထိုင်ခဲ့တဲ့ဝိုင်းကို သန့်ရှင်းရေးသွားလုပ်တော့ စာတစ်စောင်တွေ့တယ်။ စာထဲမှာ ရေးထားတာကတော့ ” လေးစားသမှုနဲ့ ကြင်ကြင်နာနာ ဆက်ဆံပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် မာရီယာရေ။ တကယ်တော့ ငါက ဒီဆိုင် ပိုင်ရှင်ပါ။ ငါ့ဆိုင် ဝန်ထမ်းတွေက မရှိဆင်းရဲသားတွေကို ဘယ်လိုဆက်ဆံကြသလဲ သိချင်လို့ ရုပ်ဖျက်ပြီး လာကြည့်တာပါ။ မနက်ဖြန်ကစပြီး မင်းကို မန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်ပါပြီ”တဲ့။
(အမေရိကမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အမည်ပြောင်းပြီး ရေးသားထားတာပါ)
Ref: A great story about doing good and respecting others
NZ ( ရိုးရာလေး)