ဘင်္ဂလားဒေ့ရှ်မှာ ခရီးသည်အပြည့်အသိပ်တင်လာတဲ့ ကူးတို့တစ်စင်း မီးလောင်လို့ အနည်းဆုံး လူ ၃၇ ယောက် သေဆုံး

23.12.2021yyl15.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်အပြည့်အသိပ် တင်ဆောင်လာတဲ့ ကူးတို့တစ်စင်း မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၃၇ ယောက် သေဆုံးခဲ့ပြီး လူ ၁၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ မြို့တော် ဒါကာကနေ ဘာဂူနာမြို့ကို ဦးတည်နေတဲ့ ၃ ထပ်ကူးတို့ဟာ ဂျာလာကာသီမြို့အနီး မြစ်လယ်ခေါင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ကူးတို့ မီးလောင်ချိန်မှာ ရေထဲခုန်ချခဲ့တဲ့ ခရီးသည်တချို့လည်း ရေနစ်သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ လောင်ကျွမ်းဒဏ်ရာ ပြင်းထန်သူတွေပါလို့ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာဖွယ် ရှိနေပါတယ်။ ကူးတို့ပေါ်မှာ ခရီးသည် ၅၀၀ လောက် လိုက်ပါလာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သောကြာနေ့ နံနက်အစောပိုင်းက ဆူဂန်ဒါမြစ်ရိုးတစ်လျှောက် ခုတ်မောင်းနေစဉ် ကူးတို့ စက်ခန်းကနေ မီးစတင်လောင်ကျွမ်းပြီး လျှင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့တာလို့ မီးသတ်အရာရှိ ဟူစိန်ဘူအီယန်က ပြောပါတယ်။ ကူးတို့ဟာ နာရီပေါင်းများစွာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ကူးတို့မီးလောင်ကျွမ်းချိန်မှာ လူအများစုက အိပ်ပျော်နေကြတယ်လို့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အဘွားအိုတစ်ယောက်က ပြောပါတယ်။

” အောက်ထပ်ကြမ်းပြင်ပေါ်မှာ ဖျာခင်းပြီး အိပ်နေတာပါ။ ၉ နှစ်အရွယ် ကျွန်မရဲ့မြေးလေး နာယင်းနဲ့အတူ အိပ်နေတာပါ။ သူကတော့ မြစ်ထဲခုန်ချသွားတယ်။ သူ ဘယ်လိုဖြစ်သွားလဲ ကျွန်မ မသိရသေးပါဘူး” လို့ ဆိုပါတယ်။ ကူးတို့ မီးလောင်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဘာဂူနာမြို့ဟာ ဒါကာမြို့တောင်ဘက် ၁၅၅ မိုင်အကွာမှာ တည်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသည်အပြည့်အသိပ် တင်လာတာ၊ သင်္ဘောကျင်းတွေမှာ ပြုပြင်ထိန်းသိမ်းမှုနဲ့ လုံခြုံရေးစံနှုန်းတွေ အားနည်းတာတွေကြောင့် ကူးတို့ယာဉ် မတော်တဆမှုတွေ ကြုံလေ့ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လကလည်း ဒါကာမြို့အနီးမှာ လူ ၅၀ လောက် လိုက်ပါလာတဲ့ လှေတစ်စင်း မှောက်ခဲ့လို့ လူဒါဇင်ချီ သေဆုံးခဲ့ပါတယ်။

Ref: BBC “Bangladesh ferry fire: Dozens killed near Jhalakathi”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top