စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ယောက် သူ့ရဲ့ ကုန်စုံဆိုင်ထဲ ဝင်လာတိုင်း ဆိုင်ရှင် ချန်ဟွေး (Chen Hui) က အခြားဈေးဝယ်သူတွေလိုပဲ ပုံမှန်ဝန်ဆောင်မှုပေးပါတယ်။ သူ ယူတဲ့ ပစ္စည်းတွေကို စက်နဲ့စကန် ဖတ်ပြီး ငွေတွက်သလို လုပ်ပြပေမဲ့ သူ့ဆီကနေ ပိုက်ဆံတော့ မယူပါဘူး။
“သူ့ကို သနားလို့ ပေးတယ်ဆိုပြီး အားငယ်သွားမှာ ဒါမှမဟုတ် လှောင်သလို ခံစားရမှာမျိုး မဖြစ်စေချင်ဘူး။ လူတိုင်းက ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်နဲ့ ထိုက်တန်ပါတယ်”လို့ ကျန်းရှီးပြည်နယ်၊ ပင်ရှန်းမြို့မှ အသက် ၃၇ နှစ်အရွယ် စတိုးဆိုင်ပိုင်ရှင် ချန်ဟွေးက ဆိုပါတယ်။
ချန်ဟွေးဟာ ၂၀၂၁ ခုနှစ်ရဲ့ အလွန်ပူပြင်းတဲ့ နေ့တစ်နေ့မှာ ဒီအမျိုးသမီးကို ပထမဆုံး သတိထားမိခဲ့တာပါ။ တခြားလူတွေက ပူအိုက်လို့ လက်တိုအင်္ကျီတွေ ဝတ်ထားကြပေမဲ့ သူကတော့ ဆောင်းတွင်းဝတ် ဂျာကင်အထူကြီးကို ဝတ်ထားတာပါ။ သူဟာ စိတ်ဝေဒနာခံစားနေရတာ ဆယ်စုနှစ်တစ်ခုမက ရှိနေပြီဖြစ်ပြီး သူ့ကို စောင့်ရှောက်မယ့်သူလည်း မရှိဘူးဆိုတာကို နောက်ပိုင်းမှာ ချန်ဟွေး သိခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ သူ့ဆိုင်ကို လာရင် ပေါင်မုန့် ဒါမှမဟုတ် ကိတ်မုန့်အသေးလေးတွေနဲ့ ဖျော်ရည် (တစ်ခါတလေ ရေသန့်) ကိုပဲ ယူလေ့ရှိပါတယ်။ အစပိုင်းမှာတော့ သူမက ပိုက်ဆံအကြွေလေးတွေနဲ့ ငွေရှင်းပေမဲ့ နောက်ပိုင်းမှာတော့ “နောက်တစ်ခါမှ ပေးလို့ရမလား” ဆိုပြီး အကြွေးဝယ်ဖို့ ပြောလာပါတယ်။
ချန်ကလည်း အဲဒီအချိန်ကစပြီး ဒီနေ့အထိ သူ့ဆီက ငွေမယူခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီး အားနာမနေစေဖို့ “အွန်လိုင်းက လူတွေ အစ်မအတွက် ပိုက်ဆံရှင်းပေးထားပြီးသားပါ၊ လိုချင်တာသာ ယူသွားပါ” လို့ ချန်ဟွေးက ညာပြောပေးခဲ့ပါတယ်။

ချန်ဟွေး တင်ထားတဲ့ဗီဒီယိုကြောင့် လူတွေက ဒီအမျိုးသမီးအတွက် ငွေကြေးနဲ့ အဝတ်အထည်တွေ ပို့ပေးခဲ့ကြပါတယ်။ ချန်ဟွေးကတော့ ဒီအမျိုးသမီးကို ကူညီရလို့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ သူ ကူညီနိုင်တာကို ကူညီပေးလိုက်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကူအညီ လိုအပ်နေတဲ့သူတွေ ရှိပါတယ်။ စိတ်ကျန်းမာရေး မကောင်းသူတွေ၊ ဖျားနာနေသူတွေ ဒါမှမဟုတ် ရုတ်တရက် အခက်အခဲကြုံနေရသူတွေပါ။ တကယ်လို့ လူတိုင်းက မိမိတတ်နိုင်သလောက်လေး ကူညီပေးကြမယ်ဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးဟာ အခုထက် ပိုပြီး နေပျော်စရာကောင်းလာမှာပါ” လို့ ချန်ဟွေးက ဆိုပါတယ်။
Ref : A Small Town Shopkeeper With a Big Heart: ‘Everyone Deserves Dignity’
NZ (ရိုးရာလေး)

