ဒိုင်ယာနာမင်းသမီး ကွယ်လွန်ခြင်းအနှစ် ၂၀ပြည့် အောက်မေ့သတိရပွဲ ကျင်းပ

8862058-3x2-700x467.jpg

၁၉၉၇ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ ဒိုင်ယာနာမင်းသမီးရဲ့ ကွယ်လွန်ခြင်း အထိမ်းအမှတ်ပွဲကို အင်္ဂလန်နိုင်ငံသားများ ကျင်းပခဲ့ကြပါတယ်။မင်းသမီးဒိုင်ယာနာကို သတိရနေသေးတဲ့ အင်္ဂလန်နိုင်ငံသားများဟာ ဒိုင်ယာနာမင်းသမီးရဲ့ နေအိမ်ဟောင်းဖြစ်တဲ့ လန်ဒန်မြို့ရှိ ကန်ဆင်တန်နန်းတော်ကို သွားရောက်ပြီး ဂါဝရပြုခဲ့ကြပါတယ်။ ဒိုင်ယာနာမင်းသမီးကို သတိတရ ရှိနေသေးတဲ့သူများဟာ ခေါင်းအစ ခြေအဆုံး အင်္ဂလန်နိုင်ငံ အလံဝတ်စုံကို ဝတ်ဆင်လာကြပြီး ပန်းစည်းများ၊ ကဒ်များနဲ့ ဖယောင်းတိုင်များကို ကိုင်ကာ ဝေလမင်းသမီးဟောင်း ဒိုင်ယာနာကို ဂါဝရပြုခဲ့ကြတာ လည်း ဖြစ်ပါတယ်။

ကဒ်လေးတစ်ကဒ်မှာဆိုရင် “ကျွန်တော်တို့ အရမ်းသတိရပြီး အရမ်းလွမ်းနေတယ် ဒိုင်ယာနာ” လို့ ဩစတြေးလျမှ လူတစ်ယောက်က လက်မှတ်ထိုးထားပါတယ်။

ဒိုင်ယာနာကို အောက်မေ့သတိရခြင်းအကြောင်းတွေဟာ ဆိုရှယ်မီဒီယာတွေမှာလည်း ပျံ့နှံခဲ့ပြီး ဒိုင်ယာနာရဲ့ ဈာပနမှာ သီချင်းသီဆိုပေးခဲ့သူ အဲလ်တန်ဂျွန်က Instagram မှာ သူတို့ ၂ ယောက်တွဲယောက်ထားတဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး “လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က ကမ္ဘာကြီး နတ်သမီး တစ်ယောက်ကို ဆုံးရှုံးခဲ့တယ်။ RIP ” လို့ ရေးသားခဲ့ပါတယ်။

ဒိုင်ယာနာဟာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ပဲရစ်မြို့မှာ ပါပါရာဇီတွေ လက်မှလွတ်အောင် ကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ကာ ကွယ်လွန်ခဲ့တာ  ဖြစ်ပါတယ်။ (paparazzi = နာမည်ကျော်များ နောက်သို့လိုက်က ဓာတ်ပုံရိုက်ပြီး မဂ္ဂဇင်း၊ ဂျာနယ်များသို့ ဓာတ်ပုံရောင်းသော အပျော်တမ်း ဓာတ်ပုံဆရာ)

ကားမောင်းသူလည်း မတော်တဆမှုမှာတင် သေဆုံးသွားခဲ့ပြီး ကားမောင်းသူရဲ့ သွေးကို စစ်ဆေးခဲ့ရာမှာ ပုံမှန်ရှိသင့်တဲ့ Alcohol ပမာဏထက် ၃ ဆပိုမိုများပြားနေခဲ့တာကို နောက် စစ်ဆေးတွေ့ခဲ့ရပါတယ်။ ဒိုင်ယာနာမင်းသမီးဟာ သေဆုံးချိန်မှာ ၃၆ နှစ်သာ ရှိသေးတာဖြစ်ပြီး သူမရဲ့ ကွယ်လွန်မှုကြောင့်  အင်္ဂလန်နိုင်ငံသာမက တစ်ကမ္ဘာလုံး အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။

ဒိုင်ယာနာရဲ့ တိုတောင်းတဲ့ ဘဝမှာ ဒိုင်ယာနာမင်းသမီးဟာ မင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ ပွင့်လင်းစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး AIDS လူနာသည်တွေကို လက်ဆွဲနှုတ်ဆက်ခြင်း၊ သူမရဲ့ လျှို့ဝှက်ချက်များပြောခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ် ခြင်းစတဲ့ ဝေဒနာတွေကို သတင်းစာတွေအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ဒိုင်ယာနာမင်းသမီးဟာ ပြည်သူ့အချစ်တော်တစ်ယောက်နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပြီး နာမည်ကျော်တွေရဲ့ သတင်းတွေကို ဖော်ပြပေးတဲ့ မီဒီယာတွေရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဒိုင်ယာနာကြောင့် တော်ဝင်မိသားစုထဲ ဝင်ရောက်လာကြတဲ့ ဝီလီယံရဲ့ ကြင်ယာတော် ကိတ်တို့လိုသူတွေဟာ အသက်ရူချောင်ခဲ့တာ ဖြစ်ပြီး တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်လာပေမဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မင်းသားဝီလီယံရဲ့ ကြင်ယာတော်ဖြစ်သူ ကိတ်ဟာ နှစ်တိုင်းနှစ်တိုင်း ဒိုင်ယာနာမင်းသမီးကို ဂါဝရပြုရန် ကန်ဆင်တန်နန်းတော်ကို လာရောက်တတ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း မင်းသားဝီလီယံနဲ့ မင်းသားဟယ်ရီတို့ဟာ ကန်ဆင်တန်နန်းတော်ကို မိုးရွာထဲမှာ ရောက်လာခဲ့ပြီး သူ့ရဲမိခင် ဒိုင်ယာနာမင်းသမီးအတွက် လွမ်းသူပန်းခွေ ချသွားခဲ့ပါသေးတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကဖြစ်ရပ်နဲ့ ပုံစံတူဖြစ်ရပ်ဖြစ်ပြီး ၁၅ နှစ်သားအရွယ် ဝီလီယံနဲ့ ၁၂ အရွယ် ဟယ်ရီတို့ဟာ ကန်ဆင်တန် နန်းတော်ဂိတ်ပေါက်ဝမှာပဲ သူ့မိခင် ကွယ်လွန်သွားခြင်းအတွက် ယူကျုံးမရ ဖြစ်ခဲ့ကြဖူးပါတယ်။

Ref : Washington News : Britain pays tribute to Princess Diana on the 20th anniversary of her death

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top