လယ်သမားတစ်ဦး နှလုံးဖောက်လို့ အိမ်နီးနားချင်းတွေက သူ့ရဲ့ကောက်ပဲသီးနှံတွေကို အတူတကွရိတ်သိမ်းပေးခဲ့

21-9-2002-yyl-001.jpg

လူတစ်ယောက် ဒုက္ခရောက်နေလို့ လူအချင်းချင်းပူးပေါင်းကူညီပေးတာကလည်း မင်္ဂလာတစ်ပါးပါပဲ။ လူတစ်ယောက်ချင်းစီတိုင်း အဲဒီလိုစိတ်ထားမျိုး ထားတတ်မယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းလှပနေမှာ အမှန်ပါ။ မြောက်ဒါကိုတာပြည်နယ်က လိန်း အန်ဂျန် (Lane Uhhjem) ဆိုတဲ့အမျိုးသားတစ်ဦး အခက်အခဲဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့အိမ်နီးနားချင်းတွေက ဝိုင်းဖွဲ့ကာ ကူညီပေးခဲ့ကြပါတယ်။ လိန်းရဲ့လယ်ကွင်းမှာ စပါးတွေ ရိတ်သိမ်းလို့ရနေတဲ့အချိန်မှာ တောမီးလောင်တော့မယ့် အခြေအနေဖြစ်နေပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ လိန်းဟာ နှလုံးအမောဖောက်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ဒါပေမဲ့ စပါးတွေ မရိတ်သိမ်းလိုက်ရတဲ့ သူ့လယ်ကွင်းကို သူ့ရဲ့အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေက အလုပ်ပြီးမြောက်သွားအောင် တာဝန်ယူရိတ်သိမ်းပေးခဲ့ကြပါတယ်။

Divide County က လယ်သမား (၆၀) ဝန်းကျင်က သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ စပါးတွေကို ရိတ်သိမ်းပေးခဲ့ကြပါတယ်။ “ကျွန်တော် လယ်သမားတွေကို ပြောခဲ့တယ်။ သူတို့တွေက ပစ္စည်းတွေယူလာခဲ့ပြီး အခြားသူတွေကိုလည်း ခေါ်လာခဲ့တယ်။ ကောင်တီမှာရှိတဲ့နေရာတွေကနေ ရခဲ့တဲ့ လယ်လုပ်ငန်းသုံးပစ္စည်းတွေရှိပါတယ်။ သူတို့အလုပ်သမားတွေကလည်း အဲဒီပစ္စည်းတွေနဲ့ ရိတ်သိမ်းခဲ့တယ်”လို့ လိန်းရဲ့မိသားစုသူငယ်ချင်း ဂျန်နာ ဘင်ဒီ (Jenna Binde) က ပြောပါတယ်။ အဖွဲ့လိုက်ကြီးက လိန်းရဲ့စပါးနဲ့မုံညင်းခင်းတွေ ရိတ်သိမ်းပြီးစီးဖို့အတွက် ကောက်ပဲသီးနှံတွန်းလှည်း (၆) ခုနဲ့ လယ်ထွန်းစက် နောက်တွဲ (၁၅) ခုတို့ကို အသုံးပြုခဲ့ကြပါတယ်။ အဖွဲ့လိုက်စွမ်းအားကြောင့် (၇) နာရီနဲ့ ဧက (၁၀၀၀) ကို ရိတ်သိမ်းခဲ့ရပါတယ်။

လိန်းကို ကူညီပေးခဲ့ကြတဲ့သူတွေက လိန်းရဲ့ကောက်ပဲသီးနှံတွေကို မရိတ်သိမ်းဘဲ ဒီအတိုင်းထားလိုက်မယ်ဆိုရင် မိသားစုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။ “လူတိုင်းက လိန်းတို့မိသားစုကို သိတယ်။ သူတို့တွေက လူကောင်းတွေပါ။ သူတို့အသိုင်းအဝိုင်းမှာလည်း ကောင်းပါတယ်။ ဒါက လယ်သမားဘဝတွေပါပဲ။ သူတို့လိုအပ်တဲ့အခါ ဘာအကျိုးအမြတ်မှ မမျှော်ကိုးဘဲ အိမ်နီးနားချင်းကို ကူညီခဲ့တယ်”လို့ ဘင်ဒီက ပြောပါတယ်။ လိန်း ဆေးရုံရောက်သွားပြီးတဲ့နောက်မှာ အသက်ဘေးကနေ လွတ်သွားခဲ့ပြီး အခြေအနေတည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ သူ ပြန်လည်ကောင်းမွန်လာဖို့ ခရီးရှည်ကြီးရှိသေးတယ်လို့ သူ့မိသားစုရဲ့ပြောစကားအရ သိရပါတယ်။

Ref: CNN “After a farmer suffered a heart attack, his neighbors banded together to harvest his crops”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top