ကိုယ့်ကိုယ်ကို မင်းသားတစ်ယောက်လို့ သဘောမထားတဲ့ လေးစားစရာပုဂ္ဂိုလ် ကီနူးရိဗ်

kesnuu.jpg

လက်ရှိရုံတင်ပြသနေတဲ့ John Wick 3 ရုပ်ရှင်ကားထဲက မင်းသားကီနူးရိဗ် (Kaenu Reeves) ကို လူတိုင်းသိကြမှာပါ။ သူဟာ ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ကမ္ဘာကျော်မင်းသားကြီးဖြစ်သလို အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားတဲ့ သူလည်းဖြစ်ပါတယ်။ သူက အဲဒီလိုအောင်မြင်မှုတွေကို လွယ်လွယ်နဲ့ရခဲ့တဲ့သူတော့မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက သူ့ရဲ့ဘဝကို ခက်ခဲကြမ်းတမ်းစွာနဲ့ ဖြတ်သန်းခဲ့ရသလို မင်းသားဖြစ်လာပြန်တော့လည်း အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝက ခါးသီးစရာကောင်းခဲ့ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့၊ စိတ်သဘောထားနူးညံ့တဲ့၊ မင်းသားလို့ ကိုယ့်ကိုယ်ကို သဘောမထားတဲ့ လေးစားစရာပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

သူဟာ ဘယ်လောက်လေးစားဖို့ကောင်းလဲဆိုရင် မတ်လက ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးနဲ့ ပြောပြရမှာပါပဲ။ ကီနူးရိဗ် စီးနင်းလာတဲ့ လေယာဉ်က လေယာဉ်ရဲ့အင်ဂျင်ပိုင်းပြဿနာရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဘာမတော်တဆမှုမှ မရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘိတ်ကာဖီးလ်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ကီးနူးနဲ့ အခြားခရီးသည်တွေက လေကြောင်းလိုင်းရဲ့တာဝန်ရှိသူတွေဆီကနေ ညွှန်ကြားချက်တွေ၊ သတင်းတွေကို ပြည်တွင်းလေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

အရိုးသားဆုံးပြောရမယ်ဆိုရင် ဆယ်လီတွေ အရေးပေါ်တစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါ သူတို့ရဲ့လိုရာခရီးကိုရောက်ဖို့အတွက် သီးသန့်ကားလေးနဲ့ သွားကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ကီနူးက အခုလိုအရေးကြုံလာတော့ သူ နာမည်ကြီးမင်းသားဖြစ်လို့ဆိုတဲ့စိတ်မရှိဘဲ ခရီးသည်တွေနဲ့အတူ နေပေးခဲ့ပြီး သူတို့ကို စိတ်ဖိစီးမှုမဖြစ်အောင် အားပေးခဲ့ပါတယ်။ တတ်နိုင်သမျှ သူတို့သွားရမယ့် မြို့ကို ရောက်အောင် ကူညီပေးရှာပါတယ်။

ခရီးဆောင်အိတ်ထုတ်ယူရတဲ့နေရာက ဝန်ထမ်းကလည်း တော်တော်ကြာ အဲဒီနေရာမှာ ရှိမနေခဲ့တဲ့အတွက် ကီနူးက ခရီးသည်တွေအားလုံးကို အရင်ဆုံး ဒီကနေ ဘတ်စ်ကားနဲ့ အတူတူ ထွက်ခွာကြမယ်။ နောက်မှာ ခရီးဆောင်အိတ်တွေကို ယူကြမယ်လို့ အကြံပေးခဲ့ပါတယ်။ သူကလည်း သူ့စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားခဲ့ပြီး ခရီးသည်တွေ စိတ်ပျော်ရွှင်အောင် လုပ်ပေးခဲ့ပါတယ်။ ကီနူးက ဘတ်စ်ကားပေါ်မှာလည်း ဘိတ်ကာဖီးလ်နဲ့ပတ်သက်ပြီး စိတ်ဝင်းစရာအကြောင်းအရာတချို့ကို ခရီးသည်တွေကို ဖတ်ပြခဲ့တယ်လို့လည်း ခရီးသည်တွေက ဆိုထားပါတယ်။

ကီနူးက ထိတ်လန့်စရာမတော်တဆမှုကို စွန့်စားခန်းတစ်ခုလို့ ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် အဲဒီနေ့လေးကို ခရီးသည်တွေက အမြဲတမ်း သတိရနေကြမှာဖြစ်ပါတယ်။ လေဆိပ်မှာရှိနေတုန်း ကီနူးက ခရီးသည်တချို့နဲ့အတူ ဓာတ်ပုံတွေ ရိုက်ခဲ့တာတွေရှိပါတယ်။ ခရီးသည်တွေကလည်း သူနဲ့ရိုက်ခဲ့တဲ့ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့သလို အဲဒီနေ့က အားပေးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းရေးသားမှုတွေလည်း ရှိပါတယ်။ အရင်ကလည်း မင်းသားကီနူးကို စိတ်သဘောထားကောင်းတဲ့သူလို့ အင်တာနက်အသုံးပြုသူတွေက သိထားပြီးသားဖြစ်ပေမဲ့လည်း အခုလိုကိစ္စမျိုး ထပ်ပြီးသိပြန်တော့ သူ့ကို မလေးစားဘဲမနေနိုင်ဖြစ်လို့နေပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top