ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ မာရီယာပိုမြို့မှ အရပ်သား ၂ သိန်းကို မရွှေ့ပြောင်းပေးနိုင်သေး

3-3-2022-yyl20.jpg

ရုရှားတပ်ဖွဲ့တွေ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မာရီယာပိုမြို့မှာ ပိတ်မိနေသူ ၂၀၀,၀၀၀ ကို ရွှေ့ပြောင်းပေးမယ့်အစီအစဉ်ကတော့ ပျက်ပြယ်ခဲ့ပါတယ်။ မာရီယာပိုမြို့မှာ ရေမရ၊ မီးမရ၊ မိလ္လာစနစ် မရ၊ အစားအစာနဲ့ သောက်ရေ ပြတ်လပ်တဲ့ အခြေအနေကြုံနေရတာ ၅ ရက် ရှိပါပြီ။ ပိတ်မိနေတဲ့ အရပ်သားတွေတွေကို ရွှေ့ပြောင်းပေးဖို့ ရုရှားနဲ့ ယူကရိန်းကြား အကြမ်းဖျင်း သဘောတူညီခဲ့ပြီး သူတို့အတွက် ဘတ်စ်ကားအစီး ၅၀ စီစဉ်ထားပေမဲ့ ရုရှားစစ်တပ်က လူနေအဆောက်အအုံတွေကို နောက်တစ်ကြိမ် ဗုံးကြဲခဲ့လို့ အစီအစဉ် ပျက်ခဲ့တာပါ။ ပိတ်မိနေတဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပေးဖို့ အချိန်၊ နေရာ၊ ရွှေ့ပြောင်းမယ့်လမ်းကြောင်း၊ လုပ်အားပေး ကူညီမယ့်သူတွေ၊ အထောက်အပံ့ပစ္စည်းတွေ သယ်ယူလာခွင့် ရှိ၊ မရှိ စတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှု မရခဲ့တာပါ။

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ ယူကရိန်းဝေဟင်ကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ထပ်မံတောင်းဆိုခဲ့ပါတယ်။ ” ကျွန်တော်တို့က လူတွေဖြစ်လို့ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ခင်ဗျားတို့မှာ လူသားတာဝန်ရှိတယ်။ ကာကွယ်ပေးနိုင်အောင် လုပ်ရမယ်။ အဲဒီလိုမှ ကာကွယ်မပေးဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့လည်း ကျွန်တော်တို့ကို တိုက်လေယာဉ်တွေ မပေးဘူးဆိုရင်တော့ ခင်ဗျားတို့ကိုယ်တိုင်က ကျွန်တော်တို့ကို တဖြည်းဖြည်းချင်း သေစေချင်နေတာလို့ပဲ ကောက်ချက်ချစရာ ရှိတော့တယ်” လို့ ဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ ယူကရိန်းဝေဟင်ကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်နေဆဲပါပဲ။ အဲဒီလို သတ်မှတ်လိုက်ရင် ယူကရိန်းဝေဟင်ပေါ်မှာ တွေ့ရတဲ့ ရုရှားလေယာဉ်တွေနဲ့ တိုက်ရိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လိုအပ်လာရင် ပစ်ချရမှာဖြစ်လို့ ပဋိပက္ခပိုကြီးလာနိုင်တယ်လို့ နေတိုးအဖွဲ့က ဆိုပါတယ်။

ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံထံ ပေးပို့ဖို့အတွက် ပိုလန်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုနိုင်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ပြောပါတယ်။ ယူကရိန်းလေယာဉ်မှူးတွေက ရုရှားတိုက်လေယာဉ်တွေကို မောင်းနှင်တတ်တာကြောင့် ပိုလန်နိုင်ငံထံ အစားထိုးလေယာဉ်တွေ ပေးပို့သွားဖို့ရှိတယ်လို့ အန်သိုနီဘလင်ကန်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလင်စကီးက တိုက်လေယာဉ်တွေ ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ အန်သိုနီဘလင်ကန်က အခုလို ပြောခဲ့တာပါ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းတိုက်လေယာဉ်တွေ လက်ခံထားခြင်းမပြုကြဖို့ သတိပေးထားပြီး အဲဒီလို လက်ခံထားမယ်ဆိုရင် သူတို့နိုင်ငံတွေပါ ပဋိပက္ခထဲ ရောက်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top