(၁)
ကိုဗစ်ဗိုင်းရပ်စ်အန္တရာယ် ခြိမ်းခြောက်မှုကြီးတစ်ခု မြန်မာနိုင်ငံထဲ ရောက်ရှိလာကတည်းက မြို့ရွာတွေပိတ်၊ လမ်းတွေပိတ်၊ အလုပ်ရုံတွေပိတ်၊ ကျောင်းတွေပိတ်နဲ့ တိတ်ဆိတ်နေခဲ့သမျှ ခုချိန်ထိအောင်လည်း ကျောင်းစာသင်ခန်းတွေ ပြန်ဖွင့်နိုင်ဖို့ အားယူနေရဆဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းထိ လူစုလူဝေး ရှောင်ရှားဖို့၊ လူ ၅ ဦးထက်ပိုစုပြီး ခရီးမသွားဖို့ တားမြစ်တာမျိုးတွေ ရှိခဲ့တယ်။ ကျွန်တော်တို့နေထိုင်ရာ အိမ်ထဲမှာတော့ ကိုဗစ်ဆိုင်ရာ အရေးပေါ် ကာလအတွင်းမှာပဲ မိသားစုဝင် ၄ဝ၊ ၅ဝ နီးပါးလောက် တစ်စုတည်း ရှိနေခဲ့ရတယ်။ ဒါဆိုရင် အိမ်တစ်လုံး၊ မိသားစုတစ်စုတည်းမှာ လူ ၄ဝ၊ ၅ဝ လောက်ထိ ရှိနေတယ်ဆိုတာ ဘာကြောင့်ပါလဲ။
ကျွန်တော်ပြောတဲ့ ကျွန်တော်တို့အိမ်ဆိုတာ တစ်နေရာတည်းမှာ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေ အများကြီးရှိနေတဲ့ ပရဟိတဆိုတဲ့ နေအိမ်တစ်လုံးဖြစ်နေလို့ပါပဲ။ ပညာသင်နှစ်တစ်ခု ပြီးဆုံး၊ ဗိုင်းရပ်အန္တရာယ်လည်း ဝင်လာချိန်မှာ ကျောင်းသား/သူ ၁၅ဝ ကျော်ရှိတဲ့ ပညာဒါန ပရဟိတကျောင်းက ကလေးတချို့ သူတို့ရပ်ရွာကို ပြန်ကြတယ်။ ပြန်စရာ အိမ်၊ ခိုလှုံစရာမိဘရှိတဲ့ ကလေးတွေအတွက် အိမ်ပြန်ရက်ရှိခဲ့ပေမယ့် တချို့ လူမမယ်၊ ကလေးသူငယ်တွေမှာတော့ ပြန်စရာ အိမ်ရယ်လို့ မရှိကြပါဘူး။ ဒီအတွက် အရေးပေါ်ကာလအတွင်းမှာလည်း လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ သူတို့လေးတွေကို ကျောင်းမှာပဲ ထိန်းကျောင်းခဲ့ရတာပါ။ ခုနောက်ပိုင်း ဖြေလျှော့မှုတချို့ လုပ်လာသလို အစိုးရ ကျောင်းတွေလည်း ပြန်ဖွင့်ဖို့ စိုင်းပြင်းနေပါပြီ။ ကျောင်းဖွင့်ရက်ကို စောင့်ဆိုင်းရင်း ပရဟိတကျောင်းက ကလေးတွေအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ စဉ်းစားတဲ့အခါ ‘ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနဲ့ ဘဝနေနည်းသင်ခန်းစာတွေ သင်ပေးရမယ်’ ဆိုတဲ့ အဖြေထွက်ပါတယ်။
(၂)
ကလေးတွေရဲ့ အသက်အရွယ်၊ အတန်းအလိုက် ၁ဝ ဦး၊ ၁၅ ဦးစသည် အတန်းခွဲ၊ တစ်ဦးနဲ့တစ်ဦးကို လိုအပ်တဲ့ အကွာ အဝေးတစ်ခုထားပြီး ယဉ်ကျေးလိမ္မာသင်ခန်းစာတွေ သင်ကြား ပေးပါတယ်။
‘ထိုင် …ထိုင် …ထိုင်
လက်အုပ်ချီကာ ညီစွာ ထိုင်။
လက်ချ ဒူးချ ညီစွာချ
လက်ကို ရှေ့သို့ တိုးပြီးမှ
တတောင်ချလို့ နဖူးချ’အစရှိတဲ့ ‘ဝတ်ချပုံနှင့် ဝတ်ချရကျိုး’ ကစပြီး၊
‘ဘယ်ကျောင်းတိုက်မှာ နေနေ
ဘယ်ကျောင်းသို့လေ သွားသွား၊
စိတ်ကောင်းရှိဖို့ သတိထား။
ဝိနည်းတရား လေးစားကာ
ကျန်းမာသန့်ရှင်း ဖြစ်စေပါ။
ဝတ်စားတတ်ကာ၊ နေထိုင်တတ်၊
ပြောဆိုတတ်လို့ သွားလာတတ်။
ချမှတ်ထားတဲ့ စည်းကမ်းရိုသေ၊
စာတတ်ဖို့လည်း ကြိုးစားလေ’ဆိုတဲ့ မဟာဂန္ဓာရုံမူ စည်းကမ်း (၁ဝ)ချက် ကဗျာလင်္ကာအထိ ကျောင်းသား/သူ၊ သားသားမီးမီးလေးတွေ စိတ်ဝင်စား၊ နားလည်လာအောင် ရွတ်ဆို၊ သင်ကြားပေးတာဖြစ်ပါတယ်။
ကျောင်းမှာရှိတဲ့ ဦးဇင်း၊ ကိုရင်နဲ့ ဆရာတို့သင်ကြားပေးတဲ့ ယဉ်ကျေးလိမ္မာ သင်ခန်းစာတွေထဲမှာ သြကာသ ကန်တော့ချိုး၊ ငါးပါးသီလအဓိပ္ပာယ်နဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တွေလည်း ပါဝင်ပါတယ်။
ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓကလျာဏယုဝအသင်းရဲ့ လျှောက် ထားတောင်းပန်ချက်အရ အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားစီရင်ပေးခဲ့တဲ့ ‘အခြေပြုမင်္ဂလသုတ်’နဲ့ ဆရာတော်ကြီးရဲ့ နောက်ထပ်ကျမ်းစာတစ်အုပ်ဖြစ်တဲ့ ‘ရတနာ့ ဂုဏ်ရည်’တို့ကို ကိုးကား၊ အားပြုရင်း ကလေးတွေကိုဗုဒ္ဓဘာသာ သင်ခန်းစာတွေ သင်ပေးနေချိန်မှာ ကျွန်တော့်နှလုံးသားထဲ ပြန် ပြောင်းသတိရ အရိပ်ထင်လာရတာတစ်ခု ပြောပြချင်တာပါ။ အဲဒါကတော့ လွန်ခဲ့တဲ့ ၉ နှစ်ကျော်လောက်က လူ့လောကထဲကနေ ထွက်ခွာသွားတဲ့ ကျေးဇူးရှင် ဆရာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာ အောက်မေ့ သတိရမိတာပါ။ ပရဟိတကျောင်းက မျိုးဆက်သစ် လူငယ်မောင်မယ်တွေကို ၃၈ ဖြာ မင်္ဂလာကဗျာတွေ သင်ကြားပေးရင်း ကျွန်တော်တို့ ငယ်ဘဝစာသင်ခန်းထဲက ဆရာ့အသံတွေ ပြန်ကြားယောင်တယ် ဆိုရင်လည်း မမှားဘူးပေါ့။
(၃)
ကျွန်တော် မှတ်မိနေသေးတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်၊ ကျွန်တော် သုံးတန်းကျောင်းသားဘဝ၊ ၁၉၉၄-၉၅ ပညာသင်နှစ်တုန်းကပေါ့။ အညာဒေသ၊ နယ်မြို့လေးနဲ့ အတော်လှမ်းလှမ်း ကတ္တရာ လမ်းမပေါက်တဲ့ တောရွာလေးတစ်ရွာမှာ အင်္ဂလိပ်စာကို မွှတ်နေ အောင်တတ်ပြီး၊ စာအလွန်ဖတ်သလို ကလေးတွေကို ဘဝနေ နည်းပညာတွေ သင်ကြားပို့ချပေးတဲ့ ကျောင်းအုပ်ဆရာကြီးတစ် ယောက် ရှိခဲ့တယ်။ စာကိုလည်း သင်ပေးမယ်၊ စိတ်ကိုလည်း ပြင်ပေးမယ်ဆိုတဲ့ ဆရာပေါ့။
မျိုးဆက်သစ်လူငယ်တွေကို ဘာသာရေးအမွေတစ်ခု လက် ဆင့်ကမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဆရာသမားရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ကောင်းကောင်း မှတ်မိနေတာက ဝါတွင်းကာလ ရောက်ပြီဆိုတာနဲ့ မနက်ပိုင်း ကျောင်းတက် ချိန်တွေမှာ ဗုဒ္ဓဘာသာ သင်ခန်းစာတွေ မနေမနား သင်ကြားပေးခဲ့တာပါ။ ဝါတွင်းကာလ၊ မနက်ပိုင်း ကျောင်းတက်ချိန်ရောက်ရင် အတန်းထဲက စာသင်ခုံတွေအပြင်ထုတ်၊ ကျောင်းသား/သူ အားလုံးကို ကြီးစဉ်ငယ်လိုက် ရှေ့နောက်စီ၊ မနက် ၈ နာရီကနေ ၉ နာရီခွဲလောက်ထိ တခြားစာတွေ မသင်ဘဲ ဘုရားစာ၊ တရားစာတွေပဲ သင်ကြားပေးခဲ့သူ ဆရာရယ်ပါ။ အဲဒီတုန်းက အိမ်ခြေ ၂ဝဝ ကျော်လောက်ပဲရှိတဲ့ ရွာမှာ ဘာသာခြားဆိုတာ မရှိ၊ ကျောင်းသားလူငယ်တွေကို ကျောင်းစာ တွေသင်ပေးရမယ့်အချိန်မှာ အချိန်ခေါင်းပုံဖြတ်ပြီး ဘာသာရေး မှိုင်းတိုက်တယ်လို့ စောဒကတက်တတ်သူလည်း မရှိဆိုတော့ ‘သူ့ကျောင်းနေ သူ့စာအံ’လို့ပဲ ပြောရမလား။ ဆရာကြီးရဲ့ ယဉ် ကျေးလိမ္မာသင်ခန်းစာ သင်ကြားရေးအစီအမံတွေကို ဆရာ/မ တွေရော၊ ကျောင်းသားမိဘတွေကပါ ကြည်ဖြူရွှင်သာ လက်ခံ ခဲ့ကြပါတယ်။
ဝါတွင်းကာလ သုံးလတာအချိန်အတွင်း ဆရာသမားရဲ့ သင် ကြားပို့ချမှုတွေကြောင့် ‘သြကာသ ကန်တော့ချိုး’ အဓိပ္ပာယ်တွေ ကောင်းကောင်းနားလည်ခဲ့ရသလို ဗုဒ္ဓဘာသာဝင် လူငယ်မောင် မယ်များအနေနဲ့ သိသင့်သိထိုက်တဲ့ ဘာသာရေးအခြေခံတွေကိုလည်း ထိတွေ့သင်ယူခွင့် ရခဲ့ပါတယ်။ ဥပမာအနေနဲ့ သြကာသကန်တော့ချိုးထဲ မှာပါဝင်တဲ့ အပါယ်လေးပါး ဆိုပါစို့။အပါယ်ဆိုတာ အပါယ-မကောင်းခြင်းဖြစ်ပြီး ‘ကုသိုလ် ကောင်းမှုများစွာ ပြုခွင့်မရသောအရပ်’ကို ခေါ်တယ်၊ အပါယ် လေးပါးဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ ဖြစ်တယ်။ ရန်သူမျိုးငါးပါးထဲမှာ ရေ၊ မီး၊ သူခိုး၊ အုပ်ချုပ်သူ ဘုရင်ဆိုးတို့နဲ့အတူ အမွေခံ သားဆိုး၊ သမီးဆိုးတွေလည်း ပါတဲ့အကြောင်း ဘုရားရှင်က ဟောကြားထားတယ်။
ဝိပတ္တိတရားလေးပါးဆိုရင် ‘ဖောက်ပြန်ချွတ်ယွင်း ပျက်စီးခြင်း၊ ခေါ်လျှင်း ဝိပတ္တိ၊ ကာလ၊ ဂတိ၊ ဥပဓိမှ ပယောဂ၊ လေးဝမှတ်လေဘိ’လို့ မှတ်ရတယ် …စသဖြင့် သိသင့်သိအပ်တာတွေကို ကျွန်တော်တို့တွေ သင်အံ၊ လေ့ကျက် ခဲ့ကြရတာပါ။ ခေတ်ကာလအရ တချို့ ဆယ်တန်းအောင်၊ တက္ကသိုလ်က ဘွဲ့တွေရတဲ့အထိ ရပ်ပြစ်ရှစ်ပါးဆိုတာ မသိ၊ ဗျသနတရား ငါးပါးဆိုတာ ကောင်းကောင်းနားမလည်သူတွေ ရှိလာချိန်မှာ ကျွန်တော်တို့တွေကတော့ ကလေးဘဝ သုံးတန်းလောက်ကတည်းက ဆရာကြီးရဲ့ကျေးဇူးကြောင့် အခြေခံဘာသာရေးအသိနဲ့ ဘဝနေနည်းပညာတွေကို သင်ယူခွင့်ရခဲ့တယ် ဆိုနိုင်ပါတယ်။
(၄)
ဒီနေရာမှာ ‘ကိုယ့်ဘဝတိုးတက်ဖို့အတွက် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနဲ့ ဘာသာရေး အဆုံးအမတွေက အရေးမကြီးဘူး’လို့ ခံယူထားသူတစ်ယောက်အနေနဲ့ ကလေးတွေ ငယ်ရွယ်စဉ်မှာ ဗုဒ္ဓဘာသာ သင်ခန်းစာတွေ သင်ကြားပေးတာ အရေးမပါဘူးလို့ စောဒကတက်ကောင်း တက်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာက ဖန်ဆင်းရှင်၊ တန်ခိုးရှင်ဝါဒနဲ့ မျက် ကန်းယုံကြည်မှုတွေကို အားပေးမထားတဲ့ ဗုဒ္ဓဘာသာဟာ ယုံ ကြည်ကိုးကွယ်မှုသက်သက် ဘာသာတရားတစ်ခု မဟုတ်ဘဲ လူ့ကိုယ်ချင်းစာတရားနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို စနစ်တကျ လမ်းညွှန်ပြထားတယ်ဆိုတာပါ။
ဗုဒ္ဓတရားတော်မှာ အပြစ်တစ်ခု၊ မှောက်မှားတစ်ခု လုပ်မိရင် ဘယ်သူ လုပ်လုပ်၊ ဘယ်ဘာသာဝင်လုပ်လုပ် အပြစ်မဖြစ်ဘူးရယ်လို့ မရှိသလို လောကနဲ့ လူ့အဖွဲ့အစည်းအတွက် ကောင်းမြတ်တာတွေ လုပ်ဆောင်ပေးရင်လည်း ဘယ်ဘာသာဝင်ပဲလုပ်လုပ် ကောင်းကျိုးချမ်းသာ မင်္ဂလာဖြစ်စေမှာ သေချာပါတယ်။
နေ့စဉ်လူမှုဘဝမှာ ခံယူကျင့်သုံးရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တွေနဲ့ပတ်သက်ရင် သားသမီးဝတ်၊ မိဘဝတ်၊ တပည့်ဝတ်၊ ဆရာ့ဝတ်ဆိုသလို လူငယ်လည်း လူငယ်အလျောက်၊ လူကြီးလည်း လူကြီးအလျောက် တာဝန်သိသိ၊ ဝတ္တရားရှိရှိ ဆောင်ရွက် သွားရမှာတွေကို ထောင့်စေ့အောင် ဟောကြားထားပြီးသားပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေဟာ သံသရာလွတ်မြောက်ကြောင်း တွေတင်မဟုတ်ဘဲ လောကနဲ့ဘဝထဲမှာ တိုးတက်၊ အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းရေး နည်းလမ်းကောင်းတွေကိုပါ ဖော်ပြထားတဲ့ အတွက် ဘဝနေနည်း လမ်းညွှန်အဖြစ် ခံယူ၊ ကျင့်သုံးနိုင်ကြောင်း ပြောလိုတာပါ။
အထူးသဖြင့် မင်္ဂလာတရား(၃၈)ပါးမှာ ပေါင်းသင်းဆက်ဆံ ရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြားရေးမင်္ဂလာ၊ ပြုစုရေးမင်္ဂလာ၊ လိုက်နာကျင့်သုံးရေးမင်္ဂလာ၊ ရှောင်ကြဉ်ရေးမင်္ဂလာ . . .စတာတွေကို လိုအပ်ချက်မရှိအောင် ဟောကြား ဆုံးမထားလို့ ငယ်ရွယ်စဉ်ကတည်းကသာ ဒီမင်္ဂလာတရားတော်တွေကို လေ့လာထားရင် ဘဝနေနည်းတွေ သိသွားနိုင်တာ အမှန်ပါပဲ။ဒီအတွက် ကိုယ်ကိုယ်တိုင် ပရဟိတ ကျောင်းဆရာတစ်ပိုင်း ဖြစ်လာချိန်မှာ ငယ်ငယ်တုန်းက ဘာသာရေးအသိ၊ ဘာသာရေး အဆုံးအမတွေ စေတနာထား၊ သင်ကြားပေးခဲ့တဲ့ ဆရာကြီးရဲ့ ကျေးဇူးတရားကို ခုရက်ပိုင်းမှာ အောက်မေ့သတိရ၊ ထိထိရှရှ ဖြစ်နေတာပါ။
(၅)
‘ကလေးတို့အရွယ် လိမ္မာနှင့်ပါမှ ကြီးရင့်က လိမ္မာမည်။ မလိမ္မာ ပြည်ထောင်စုကြလျှင် ကောင်းမှု မတည်’ဆိုတဲ့ ဆုံးမစကားလေးကို စာရှုသူများ ကြားဖူးကြမှာပါ။ ဝါးတွေကို ဖြောင့်ဖြောင့် လိုချင်တယ်ဆိုရင် ဝါးရင့်တဲ့အချိန်ကျမှ ဖြောင့်တာထက် နုစဉ်အချိန်မှာ မီးကင်ပြီး ဖြောင့်ရင် အဖြောင့်ရ ပိုလွယ်ကူပါသတဲ့။ အဲဒီအတိုင်းပဲ။ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာကြမယ့် ဒီကနေ့ လူငယ်၊ ကလေးငယ်တွေကို ရိုးသားဖြောင့်မတ်သူ လူကောင်းလူတော်လေးတွေ ဖြစ်စေချင်တယ်ဆိုရင် နုစဉ်အချိန် ကတည်းက စနစ်တကျ သွန်သင်၊ လေ့ကျင့်ထားမှ ပိုပြီး စိတ်ချရမှာပါ။ ဒီအချက်ကို ကောင်းကောင်းသိထားတဲ့ ဆရာသမားဟာ ၂၅ နှစ်လောက်ကတည်းက သူ့တပည့်လေးတွေ ဘဝနေနည်း ပညာတတ်ဖို့အရေး မင်္ဂလာတရားတော်တွေနဲ့ ထိတွေ့၊ သင် ကြားပေးနိုင်ခဲ့တာ ကျွန်တော့်အတွက်တော့ သိပ်ပြီး ကျေးဇူးတင်စရာကောင်းပါတယ်။
ဒီကာလအတွင်း ပရဟိတကျောင်းက ကလေးတွေကို ယဉ် ကျေးလိမ္မာသင်ခန်းစာတွေ သင်ပေးဖို့ဆိုပြီး ဘုန်းဘုန်းဘက်က မိန့်ကြားလာချိန်မှာ ကျွန်တော့်အတွက် အဲဒီလောက်ထိ အခက်အခဲ မရှိခဲ့ပါဘူး။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ရတနာ့ဂုဏ်ရည်နဲ့ အခြေပြုမင်္ဂလသုတ် စာအုပ်နှစ်အုပ် ထုတ်ပြီး မင်္ဂလသုတ်နဲ့ ၃၈ ဖြာ မင်္ဂလာကဗျာတွေကို ကောက်ပြီး သင်လိုက်ရုံပါပဲ။ အမှန်အတိုင်းပြောရရင် ခု ကလေးတွေကို သင်ကြား၊ ရွတ်ဆို၊ ရှင်းပြပေးနေတဲ့ တရားစာတွေဆိုတာ လွန်ခဲ့တဲ့ ၁၉၉၄၊ ၁၉၉၅ လောက်ကတည်းက ကျက်ခဲ့ပြီးသား၊ ရခဲ့ပြီးသားစာတွေ ဖြစ်နေပါတယ်။ ဟိုအရင် သုံးတန်း၊ လေးတန်းကျောင်းသား ဘဝတုန်းက ရွာမှာ ဆရာကြီးသင်ပေးတဲ့စာတွေ ကျက်မှတ်ခဲ့ရပေမယ့် ဘယ်စာအုပ်ထဲက သင်ပေးနေတယ်ဆိုတာ မသိခဲ့ပါဘူး။ ခုနေအခါ ပြန်တိုက်ဆိုင်ကြည့်တော့မှ ကျွန်တော်တို့ဆရာ သင်ပေးခဲ့တာလည်း ဒီရတနာ့ဂုဏ်ရည်ကျမ်းစာနဲ့ အခြေပြုမင်္ဂလသုတ်ထဲက စာတွေဖြစ်နေတယ်ဆိုတာ နားလည်လာရတာပါ။
ငယ်စဉ်ကတည်းက ဆရာသမားရဲ့ကျေးဇူးကြောင့် သင်ယူ ခွင့်ရတဲ့တဲ့ မင်္ဂလသုတ်ထဲမှာ ‘ကတညုတာ-ကျေးဇူးသိတာ၊ ကျေးဇူးမမေ့တာ မင်္ဂလာ’လို့ ပါဝင်သလို ‘သောဝစဿတာ- ပြောရဆိုရ ဆုံးမရ လွယ်ကူခြင်း’ဟာလည်း မင်္ဂလာတစ်ပါးဖြစ်ကြောင်း မှတ်သားရပါတယ်။ အခု ဒီစာစုဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ဆရာသမားရဲ့ ဆိုဆုံးမမှု၊ လမ်းညွှန်သင်ကြားမှုတွေကို ပြန်လည်မှတ်တမ်းတင်ရင်း ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ လူ့လောကထဲကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ဆရာ့ကျေးဇူးကို သတိရမိသူ တပည့်တစ်ယောက်ရဲ့ လွမ်းဆွတ်ခြင်း တစ်ခုလို့သာ ဆိုချင်ပါကြောင်း ခင်ဗျာ။
မိုးအောင်လင်းနိုင် (ရိုးရာလေး)