ရှေးကောင်းမှုကံ အရင်းခံ၍ ပစ္စုပ္ပန်ကျိုး ပွားတိုးစေရာ မင်္ဂလာ

white-lotus-flower-closeup-in-summer.jpg

(၁) ”လူတွင်တစ်ယောက်၊ ဆိုရလောက်အောင်
ထွန်းတောက်မည့်သူ၊ ထိုသည့်လူကား
ငယ်မူငယ်သွေး၊ ငယ်ကလေးက
ဘိုးဘေးလည်းစောင့်၊ မျိုးလည်းစောင့်၍
စောင့်မည့်အရာ တွေ့မြဲသာတည့်”တဲ့။
ဒီလင်္ကာလေးဟာ ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ကြီး ”အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသာသနာ”ကျမ်းစာအုပ်မှာပါဝင်တဲ့ ကဗျာလင်္ကာလေးပါ။

လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ယောက်ဟာ နောင်တစ်ချိန်မှာ အောင်မြင် ထွန်းတောက်လာမယ့်သူမှန်ရင် ငယ်စဉ်ကတည်းက မိဘဆွေမျိုး၊ အဘိုးအဘွား၊ ဆရာသမားစတဲ့ အဘက်ဘက်က စောင့်ရှောက်၊ ချီးမြှောက်မယ့်သူတွေ၊ အောင်မြင်စေကြောင်း အထောက်အပံ့ ကောင်းတွေ ရှိနေတတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်မရတဲ့ နုငယ်စဉ်ဘဝကတည်းက အဘက်ဘက်မှာ သူတကာနဲ့မတူအောင် ပြည့်စုံကြွယ်ဝပြီး ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်း၊ အောင်မြင်နေကြသူတွေကို စာရှုသူ လည်း တွေ့မြင်ကောင်း၊ တွေ့မြင်ဖူးမှာပါပဲ။

ဒီလိုလူတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ အားကျ၊ ပြောဆို တတ်တာက ”ဒီလူကတော့ ရှေးဘုန်းရှေးကံ သိပ်ကောင်းတာပဲ” ဆိုတဲ့စကားပါ။ တန်ခိုးရှင်ဝါဒ၊ ဘုရားသခင် ဖန်ဆင်းရှင်အယူဝါဒ မဟုတ်ဘဲ ”ကံ, ကံ၏အကျိုး”ကိုပဲ ယုံကြည်သက်ဝင်ကြသူ ဗုဒ္ဓဘာသာဝင်များအတွက် ”ရှေးဘုန်းရှေးကံ”ဆိုတဲ့စကားဟာ မစိမ်းလှပါဘူး။ ဒီစကားကို ကျွန်တော်တို့တွေ ရင်းနှီးပြီးသားဖြစ်သလို လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ”ရှေးဘုန်းရှေးကံ၊ အထောက်အခံ”ကလည်း အားကြီးတဲ့အကြောင်းတရားတစ်ခုဖြစ်တယ်ဆိုတာ သိကြပါတယ်။

ရှေးတုန်းက ကိုယ်ပြုလုပ်အားထုတ်ခဲ့တဲ့ ကံအကြောင်းတစ်ခုဟာ ပစ္စုပ္ပန်ဘဝမှာ များစွာအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး-
”ပုဗ္ဗေစ ကတပုညတာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ရှေးကောင်းမှုကံ ရှိခြင်းသည် မြတ်သော မင်္ဂလာမည်၏” လို့ မင်္ဂလသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာထားတာကို ပြောကြားလိုရင်းပါပဲ။

(၂) လူဟာ ကိုယ်စိုက်တဲ့အပင်ရဲ့ အသီးအပွင့်ကို ကိုယ်ရိတ်သိမ်းရတယ်ဆိုတာ လောကဓမ္မတာပါ။ ကောင်းတာလုပ်ရင် ကောင်းကျိုးစံရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံရမယ်ဆိုတဲ့ အမှန်တရားက ”ကံ-ကံ၏အကျိုး” နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်များရဲ့ အခြေခံနားလည်မှုလို့ပဲ ဆိုကြ ပါစို့။ ဗုဒ္ဓဝါဒမှာ ကံတရားအကြောင်းပြောတဲ့အခါ ပြီးခဲ့တဲ့ဘဝတုန်းက လုပ်ခဲ့တဲ့ အတိတ်ကံနဲ့ လက်ရှိဘဝ ပစ္စုပ္ပန်ကံရယ်လို့ နှစ်မျိုး ရှိသလို ကုသိုလ်ကံနဲ့ အကုသိုလ်ကံရယ်ဆိုပြီး ခွဲခြားနိုင်တာ သိကြပါတယ်။

ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းအကြောင်းတရားနဲ့ပတ်သက်ပြီး ဗုဒ္ဓဘုရားရှင်ဟောကြားထားတာက ရှေးအတိတ်မှာ ကုသိုလ်ကောင်းမှုကို ပြုခဲ့ဖူးသူရဲ့အဖြစ်ဟာ မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာပါ။ ကုသိုလ်ကောင်းမှုဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးရတဲ့အမှု ကိစ္စဖြစ်ပြီး ရှေးက ကောင်းမှုကိုပြုခဲ့တာဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့အကြောင်းတရားတွေ ပြုလုပ်ခဲ့တာပါပဲ။ ကောင်းမွန်တဲ့အကြောင်းတရားတွေ ပြုခဲ့ခြင်းအတွက် ကောင်းမွန်တဲ့အကျိုးတရားတွေ ပြန်ရလာတာကို ”ပုဗ္ဗေစ ကတပုညတာမင်္ဂလာ”လို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။

လူ့လောက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပါ။ သူလည်းလူ၊ ကိုယ်လည်းလူ လူ့ဘဝထဲ ရောက်လာချင်းအတူတူကိုမှ တချို့တွေက လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ မိဘတွေဝမ်းထဲ ရောက်တယ်။ တချို့ကလေးတွေကျတော့ ကိုယ့်ရင်သွေးကိုတောင် ကိုယ်တိုင်မစောင့်ရှောက်နိုင်လို့ မွေးမွေးချင်း စွန့်ပစ်တတ်တဲ့ တာဝန်မဲ့မိဘတွေရဲ့လုပ်ရပ်တွေနဲ့ အစွန့်ပစ်ခံဘဝ ရောက်လာကြရတယ်။

တစ်ဦးနဲ့တစ်ဦး ဘဝအခြေအနေချင်းမတူ၊ ရုပ်ရည်ချင်းမတူ၊ ဉာဏ်ရည်ဉာဏ်သွေးချင်းမတူ၊ အစွမ်းအစ၊ ပိုင်ဆိုင်မှုချင်းမတူ . . .ဆိုသလို အမျိုးမျိုးသော ကွဲပြားခြားနားချက်တွေ ရှိနေတာဟာ ရှေးတုန်းက ပြုလုပ်ခဲ့တဲ့အကြောင်းကံတွေ မတူညီခဲ့ကြလို့ပါပဲ။ အခြေအနေ၊ နယ်ပယ်တစ်ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို ကြိုးကြိုးစားစား လုပ်ကိုင်ကြတာချင်းအတူတူ အကျိုးပေးပုံ၊ ကြီးပွားပုံချင်း မတူတာတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်ရတတ်ပါ တယ်။

ဒါတွေဟာ လူတစ်ယောက် တိုးတက်ကြီးပွားဖို့အတွက် ရှေးတုန်းက ကိုယ်လုပ်ခဲ့တဲ့ ကံတရားက ပစ္စုပ္ပန်ဘဝမှာ လာပြီး အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ သက်သေပြနေတာပါပဲ။
ပရိတ်ကြီးနိဿယသစ်ကျမ်းစာမှာလည်း ရှေးကောင်းမှုကံနဲ့ပတ်သက်ပြီး-
”ယခုဘဝ၌ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း၊ ပညာတတ်ခြင်း၊ ရုပ်အဆင်းလှပခြင်း၊ အစိုးရခြင်း၊ ​အခြွေအရံ ပေါများခြင်း စသော သမ္ပတ္တိ(ပြည့်စုံမှု)မှန်သမျှမှာ ရှေးကောင်းမှုကြောင့် ဖြစ်ရ၏။ ထို အချက်များမှ တစ်ချက်ဖြစ်စေ၊ ထို့ထက်အလွန်ဖြစ်စေ ပြည့်စုံနေသူကား ကောင်းမှုရှင်ပင်တည်း။ ဆင်းရဲမွဲတေခြင်း၊ ဉာဏ်ပညာကင်း ညံ့ဖျင်းခြင်း၊ အရုပ်ဆိုးခြင်း၊ သူ့အစေအပါးဖြစ်ရခြင်း စသည်မှာ ကောင်းမှုမရှိခဲ့၍ဖြစ်ရသော ကျက်သရေမဲ့မှုများပင်”လို့ ကျေးဇူးတော်ရှင်သပြေကန်ဆရာတော်ကြီးက ရှင်းလင်းမိန့်ဆိုထားတာ တွေ့ရမှာပါ။

(၃) လောကရေးရာမှာဖြစ်စေ၊ ဓမ္မရေးရာမှာဖြစ်စေ ရှေးကောင်းမှုကံ ပါရမီထူး ပါလာသူတွေဟာ လိုရာပန်းတိုင်ကို လွယ်ကူစွာရောက်ရှိနိုင်ကြောင်း ဝတ္ထု၊ သာဓကကောင်းများစွာ ရှိပါတယ်။
ဘုရားဟောဒေသနာ၊ ခေမာထေရီဝတ္ထုလာ ခေမာမိဖုရားကြီးအကြောင်း ကြားဖူးကြမှာပါ။ဗုဒ္ဓဘုရားရှင်လက်ထက်တော်မှာ အလွန်တရာ ချောမောလှပလွန်းတဲ့ ခေမာမင်းသမီးလေးဟာ မဒ္ဒရာဇ်ဘုရင်ရဲ့သမီးတော်အဖြစ် မွေးဖွားလာခဲ့တယ်။ အရွယ်ရောက်တော့ ဘုရင်ဗိမ္ဗိသာရမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်လာတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ခေမာမိဖုရားဟာ အပေါ်ယံရုပ် ရည်အလှအပကို သိပ်မြတ်နိုး တန်ဖိုးထားပြီး အလှမာန်မှာ ယစ်မူးနေသူဖြစ်လို့ တရားဓမ္မကို စိတ်မဝင်စားပါဘူး။ ”ဂေါတမဗုဒ္ဓဟာ အလှအပကို ပြစ်တင်ရှုတ်ချတတ်သူပဲ”ဆိုတဲ့ စိတ်နဲ့ ဘုရားရှင်သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်ကြီးဆီကို လုံးဝ ခြေဦးမလှည့်ပါဘူး။ ပြောရရင် ခေမာမိဖုရားဟာ ခင်ပွန်းဖြစ်သူ ဗိမ္ဗိသာရမင်းကြီးနဲ့တော့ တခြားစီပေါ့။

Buddhas statue

မင်းကြီးက ဝေဠုဝန်ကျောင်းတော်ကြီးရဲ့သာယာပုံကို ကဗျာ၊ ဂီတ၊ သီချင်းတွေ ရေးဖွဲ့သီဆိုခိုင်းပြီး စည်းရုံးကာမှ ”ငါလည်း ဝေဠုဝန်ကို သွားကြည့်ဦးမှ”ဆိုတဲ့ စိတ်ကူးပေါ်လာခဲ့တာပါ။
ဝေဠုဝန်ကျောင်းတော်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပြန်တော့ မိဖုရားခေါင်ကြီး အကျွတ်တရားရဖို့ ဘုရားရှင်ကိုယ်တော်တိုင် အသင့်စောင့်နေတယ်။ ရုပ်သဘာဝရဲ့ မမြဲခြင်း၊ ပျက်စီးခြင်းတွေကို ခေမာမိဖုရားကြီး မြင်လာဖို့အရေး သူ့ထက် အဆပေါင်းများစွာ သာလွန်ချောမောတဲ့ အမျိုးသမီးငယ်ရုပ်ကို ဘုရားရှင်က ဖန်ဆင်းထားတယ်။ အဲဒီနောက်မှ ဘုရားရှင်က တရားဟောကြားပြီးအဆုံးမှာ ခေမာမိဖုရားကြီးဟာ အရိယာသူတော်စင် ဖြစ်သွားခဲ့တာပါ

ဗုဒ္ဓလက်ထက်တော်အခါကာလ၊ ဘိက္ခုနိမတို့ထဲမှာ ပညာအရာ ဧတဒဂ်ဘွဲ့ရ ခေမာထေရီဝတ္ထုကိုကြည့်လိုက်ရင် ခေမာမိဖုရား ဘုရားရှင်ရှေ့တော်မှောက် ရောက်ဖို့ ရှင်ဘုရင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီး ကိုယ်တိုင် အမျိုးမျိုးကြံဖန်ပေးရတယ်၊ ပြီးတော့ သူ တရားရဖို့ ဘုရားရှင်ကိုယ်တော်တိုင်က တန်ခိုးတော်နဲ့ နိမ္မိတရုပ်တစ်ခုဖန်ဆင်းပြီး ချေချွတ်တော်မူခဲ့ရတယ်ဆိုတာ တွေ့ရမှာပါ။
ဒါဟာ လောကီရေးရာမှာသာမက လောကုတ္တရာရေးရာဘက်မှာပါ ရှေးဘုန်းကံ ပါရမီထူးတွေပါလာသူ ခေမာမိဖုရားရဲ့ ”ပုဗ္ဗေစ ကံ အရင်းခံ”ကြောင့်ပဲ မဟုတ်ပါလား။

နောက်ပြီး ဗိမ္ဗိသာရမင်းကြီးရဲ့တိုင်းပြည်မှာ ရှင်ဘုရင်ထက် စည်းစိမ်ဥစ္စာ ပိုမိုကြွယ်ဝချမ်းသာပြီး သူနေဖို့အိမ်ကို နတ်တွေက ဖန်ဆင်းဆောက်လုပ်ပေးရတယ်လို့ဆိုတဲ့ ဇောတိကသူဌေးကြီး၊ ငယ်စဉ်ကတည်းကစလို့ မရှိစကား မကြားဖူးရအောင် ပြည့်စုံလွန်းတဲ့ အရှင်အနုရုဒ္ဓါမထေရ်တို့ဟာလည်း ရှေးကောင်းမှု အထူးရှိခဲ့ဖူးသူ ဘုန်းရှင်ကံရှင်များရဲ့ ဝတ္ထု၊ ဇာတ်ကြောင်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ”ပုဗ္ဗေစကံ အရင်းခံ၊ ကြံတိုင်းအောင်စမြဲ” လို့ ရှေးလူကြီးတွေက ဆိုခဲ့ကြတာပါ။

(၄) လောကမှာ အောင်မြင်ချင်သူ၊ တိုးတက်ကြီးပွားချင်သူများဟာ ရှေးကောင်းမှုကံရှိဖို့ လိုအပ်တယ်ဆိုတာ သိပြီဆိုတော့ အောင်မြင် ကြီးပွားရေးအတွက် နောက်တစ်ဆင့်တက်ပြီး ဆင်ခြင်တွေးတောစရာ ကျန်ပါသေးတယ်။ ကျွန်တော်တို့တွေဟာ လက်ရှိဘဝမှာ ကိုယ့်ဘက်က တစ်စုံတရာ ကြိုးစား အားထုတ်မှုမရှိဘဲ နေရာတကာ အတိတ်ကံကိုချည်း အပြစ်ပုံချနေတာဟာ နည်းလမ်းကျ၊ မကျ စဉ်းစားဖို့နဲ့ ရှေးကောင်းမှုကံရှိပြီး ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်ရော အဲဒီလူဟာ ကြီးပွားနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ် ဆန်းစစ်ကြည့်ဖို့ပါပဲ။

ရှေးဘုန်းရှေးကံ ဘယ်လောက်ကောင်းကောင်း လက်ရှိဘဝ ပစ္စုပ္ပန်မှာ မှန်ကန်တဲ့ဉာဏ်၊ ဝီရိယနဲ့ ပေါင်းစပ်အားထုတ်မှုမရှိဘူးဆိုရင်တော့ ကြားဖူးနေကျ ပုံပြင်ထဲက ကုဋေရှစ်ဆယ်သူဌေးသား လင်မယားလိုမျိုး လုံးပါးပါးပြီး စုန်းစုန်းမြုပ်သွားဖို့သာ ရှိပါတယ်။ ခုဒ္ဒကနိကာယ်၊ ဓမ္မပဒဒေသနာမှာ လာရှိတဲ့ မဟာဓနသူဌေးသားဝတ္ထုမှာ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့မိဘတွေကနေ ပေါက်ဖွားလာတဲ့ မဟာဓနသူဌေးသားရဲ့ ရှေးဘုန်းကံ ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ အရွယ်ရောက်လို့ အိမ်ထောင်ကျတော့လည်း သူ့လိုမျိုး နောက်ထပ် ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဌေးသမီးနဲ့ပဲ လက်ထပ်ခဲ့တာပါ။

ဒါပေမဲ့ ငယ်ရွယ်စဉ်မှာ အတတ်ပညာကို မသင်၊ မိတ်ဆွေကောင်း မရှိ၊ အရွယ်ရှိတုန်း စီးပွားဥစ္စာလည်း မရှာ၊ သူတော်ကောင်းတရားလည်း မကျင့်ခဲ့တဲ့ သူဌေးသားလင်မယားဟာ နောက်ဆုံးကျတော့ သူတို့မှာရှိပြီးသား စည်းစိမ်ဥစ္စာတွေ ပျက်ပြားပြီး သူတောင်းစား ဘဝကို ရောက်သွားခဲ့ရတယ်။ မဟာဓနသူဌေးသားရဲ့ ရှေးဘုန်းကံဟာ ပထမအရွယ်မှာ စီးပွားရှာခဲ့ရင် ပထမတန်းစား သူဌေးကြီးဖြစ်နိုင်သလို ဒုတိယအရွယ်မှာဆို ဒုတိယတန်းစားသူဌေး၊ တတိယအရွယ်မှာ စီးပွားရှာရင်လည်း တတိယတန်းစား သူဌေးတော့ ဖြစ်နိုင်ပါသေးတယ်။

လောကီရေးရာ စီးပွားဥစ္စာဘက်မှာ စိတ်မဝင်စားလို့ လောကုတ္တရာဘက်မှာ တရားရှာမယ်ဆိုရင်လည်း သူတို့ဇနီးမောင်နှံနှစ်ဦးစလုံးဟာ တရားထူးတရားမြတ်တွေ ရနိုင်တဲ့ ပါရမီဘုန်းကံ ရှိကြသူတွေပါပဲ။ ဒါပေမဲ့ ကိုယ်ရထားတဲ့ အတိတ်ကံကောင်းမွေကို ပစ္စုပ္ပန်ဘဝမှာ ကောင်းမွန်စွာနဲ့ ဆက်လက်အသုံးမချနိုင်ခဲ့တာကြောင့် ကုဋေရှစ်ဆယ်သူဌေးသားလင်မယားရဲ့အဖြစ်ဟာ ”ငါးကုန်ပြီး ရေခမ်းနေတဲ့ ရေအိုင်ကြီးနားမှာ အတောင်ကျိုး၊ အတောင်ကျွတ်နေတဲ့ ကြိုးကြာအိုကြီးတွေလို ဆင်းရဲပူလောင်စွာနဲ့ ဘဝနိဂုံးအဆုံးသတ်ကြရတယ်” လို့ အရှင်အာနန္ဒာကို ဗုဒ္ဓမြတ်စွာက မိန့်ကြားတော်မူခဲ့တာဖြစ်ပါ တယ်။

(၅) ”ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ”ကို ကျွန်တော်တို့တွေ ဘာသာပြန်မမှားဖို့အတွက် သတိထားစရာ ဆုံးမလမ်းညွှန်ချက်တွေ ရှိပါသေးတယ်။ အဲဒါကတော့ ”ရှေးကောင်းမှုကံ”ဆိုတာဟာ အရင်ဘဝတုန်းက လုပ်ခဲ့တဲ့ ကံတွေကိုပဲ ရည်ညွှန်းပြောဆိုတာမဟုတ်ပါဘူး။ ဒီဘဝမှာ ပြုလုပ်အပ်တဲ့ ကံ၊ ဉာဏ်၊ ဝီရိယကြိုးစားအားထုတ်မှုတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ လေးလေးနက်နက် မှတ်ယူကြဖို့ပါ။ အတိတ်ဘဝတုန်းက ပြုလုပ်ခဲ့သမျှ အကြောင်းကံတွေက လက်ရှိဘဝအတွက် ”ပုဗ္ဗေစ ကံ”တွေဖြစ်သွားသလို ဒီကနေ့ပြုလုပ်လိုက်တဲ့ ကုသိုလ်ကံတွေကလည်း မနက်ဖြန်ကျရင် ”ပုဗ္ဗေစ ကံ”ဖြစ်သွားမယ်ဆိုတာ နားလည်ပြီး ကိုယ့်ဘဝ တိုးတက်ရာ ကြီးပွားကြောင်း နည်းလမ်းကောင်းတွေ ကျင့်ဆောင် ကြိုးစားကြဖို့ မင်္ဂလသုတ်က တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဟောကြားခဲ့တဲ့ မင်္ဂလသုတ်၊ တရားတော်တစ်ပုဒ်မှာလည်း ရှေးကောင်းမှုဆိုတာနဲ့ လွန်လေပြီးတဲ့ ဘဝတစ်ခုတည်းကို ပုံချမပစ်လိုက်ဖို့ အခုလို မိန့်ကြားထားတာ တွေ့ရပါတယ်။

”ရှေးကောင်းမှုဆိုတာဟာ လွန်ခဲ့တဲ့ ဘဝဘဝတွေက ပြုသာမှသာလျှင် ရှေးကောင်းမှုလို့ မမှတ်နဲ့။ လွန်လေပြီးတဲ့ နှစ်တွေနှစ်တွေက လုပ်တဲ့ ကောင်းမှုတွေဟာလည်းပဲ ရှေးကောင်းမှုပဲ။ လွန်လေပြီးတဲ့ လတွေလတွေက လုပ်ခဲ့တဲ့ ကောင်းသောအလုပ်၊ ကောင်းသောအပြော၊ ကောင်းသောအကြံတွေဟာ ရှေးကောင်းမှုပဲ။ မနေ့က ကောင်းစွာလုပ်၊ ကောင်းစွာပြော၊ ကောင်းစွာကြံရင် ဒီကနေ့နေ လှမ်းစဉ်းစားရင် မနေ့တုန်းက ကောင်းသောအလုပ်ဟာ ရှေးကောင်းမှုဖြစ်ပြီ”လို့ ဆရာတော်ကြီးက မိန့်ကြားပြီး လွန်ခဲ့တဲ့ ဘဝက ဘယ်လောက်ကောင်းခဲ့ကောင်းခဲ့၊ ဒီဘဝမှာ ကောင်းအောင် မနေရင် ဒီလူ မတိုးတက်နိုင်ဘူးလို့လည်း သတိပေးပါတယ်။

တကယ်တမ်းတော့ ရှေးကောင်းမှုဆိုတာ မျိုးစေ့လို့ပဲ ဆိုကြပါစို့။ ရှေးကောင်းမှုဟာ မျိုးစေ့ဆိုရင် ဉာဏ်နဲ့ဝီရိယက ကံမျိုးစေ့ကို အပင်သန်၊ သီးပွင့်စေမယ့် မြေနဲ့ ရေလို့ မှတ်ယူရမှာပါ။ မျိုးစေ့ ဘယ်လောက်ကောင်းကောင်း မြေကောင်းမြေသန့်မှာ မစိုက်ရင်၊ စိုက်ပျိုးပြီးသားမျိုးစေ့ကို ရေလောင်းပေါင်းသင် မပြုလုပ်ရင် ရှင်သန်ကြီးထွား၊ စီးပွားဖြစ်လွန်းလာမှာ မဟုတ်ဘူးဆိုတာ သီတဂူဆရာတော်ကြီးက ဟောကြားထားတာပဲဖြစ်ပါတယ်။

တောင်စွန်းဓမ္မဘေရီဆရာတော်ရဲ့ ပြန်လည်ရေးသားတင်ပြချက်အရ မှတ်သားခဲ့ရတဲ့ ဆရာကြီး ဦးလှသိန်းရဲ့ ”ပုဗ္ဗေ ကတပုညတာ”အကောက်အယူကလည်း တကယ့်ကို မှတ်သားဖွယ်ရာပါပဲ။
”ပုဗ္ဗေ-ကိုယ်လုပ်ရမယ့်အလုပ်တွေကို မလုပ်မီကတည်းက ကြိုကြိုတင်တင်၊ ကတပုညတာ-လုပ်သင့်လုပ်ထိုက်၊ တတ်သင့်တတ်ထိုက်တာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်သင်ကြားထား ခြင်းဟာ မင်္ဂလာ”လို့ ဆရာကြီးက အဓိပ္ပာယ်ဖွင့်ပြခဲ့ကြောင်း မှတ်သားရတာပါ။

”ရှေးကောင်းမှုများ ရှိလေငြား၊ မှတ်သားမင်္ဂလာ”ဆိုစကားအတိုင်း ပုဗ္ဗေစကံကို အရင်းခံပြီး ပစ္စပ္ပုန်၊ သံသရာ နှစ်ဖြာသော အကျိုးစီးပွားအတွက် နည်းကောင်းလမ်းမှန်များကိုသာ ကျင့်ဆောင် ကြိုးစားနိုင်ကြဖို့ပါပဲ ခင်ဗျာ။

မိုးအောင်လင်းနိုင် ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top