အူမတောင့်မှ သီလစောင့်ရမှာလား အူမတောင့်ဖို့ သီလစောင့်ကြစို့လား

rural-life-at-sunset-PSXFCJE.jpg

(၁)
လူရယ်လို့ဖြစ်လာ၊ အရွယ်ရောက်လာပြီဆိုတာနဲ့ လူမှုဘဝ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးအတွက် ရှာဖွေ၊ လုံးပန်းကြရတာ သဘာဝပါ။ စားဝတ်နေရေးနဲ့ အခြေခံကျန်းမာရေး လိုအပ်ချက်တွေ ပြည့်စုံလာပြန်တော့ စားနိုင်တာထက် ပိုပြီး ကောင်းကောင်းစားနိုင် သောက်နိုင်ဖို့၊ ဝတ်နိုင်တာထက် ပိုပြီး ကောင်းကောင်း ဝတ်နိုင် ကြွားနိုင်ဖို့ …ဆိုသလို စီးပွားဥစ္စာကို သူ့ထက်ငါ အပြိုင်အဆိုင် ရှာဖွေကြရပြန်တယ်။ ဘဝရပ်တည်ချက်နဲ့ လူမှုတာဝန်တွေ ကျေပွန်ဖို့အရေး စည်းစိမ်ဥစ္စာကို ရနိုင်သမျှ ရှာဖွေစုဆောင်းထားသင့်တာတော့ မှန်ပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့တွေဟာ ငွေကြေးဥစ္စာနဲ့ စည်းစိမ် ချမ်းသာ တွေနောက်လိုက်ရင်း ကိုယ့်ရဲ့လိုချင်လောဘနဲ့ ရမ္မက်ဆန္ဒတွေကို မထိန်းချုပ်နိုင်တဲ့အခါမှာ ကိုယ်ကျင့်သီလ ပွန်းပဲ့၊ ပျက်စီးသွား တတ်တာကို သတိပြုဖို့ဖြစ်ပါတယ်။

‘ငွေဟာ ဒုတိယဘုရားသခင်ဖြစ်တယ်’ ဆိုတဲ့စကား ကြား ဖူးကြမှာပါ။ လောကမှာငွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ထင် မှတ်ထားသူတွေ ရှိနိုင်သလို တစ်ဘက်မှာလည်း ငွေထက် အရေး ကြီးတဲ့အရာတွေ ကျန်နေသေးတယ်ဆိုတဲ့ခံယူချက်နဲ့ ရှေ့ဆက် နေသူတွေ ရှိနိုင်ပါတယ်။ အဲဒီလိုပါပဲ။ ဘဝရပ်တည်ချက်အတွက် စီးပွားဥစ္စာကို ရှာ ဖွေကြတဲ့နေရာမှာ သမ္မာအာဇီဝ ကျကျ၊ မကျကျ ငွေရလွယ်ရင် ပြီးတာပဲလို့ ခံယူ၊ ရပ်တည်နေသူတွေ တွေ့နိုင်သလို ‘တစ်ဘက် သား မျက်ရည်ပေါက် ကြီးကျယ်ကျမှ ထမင်းဝမယ်ဆိုရင်တော့ လျှာပေါ် မြက်ပေါက်သွားပါစေ’ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်ကျင့်သီလကို ထိန်းသိမ်း တောင့်ခံထားနိုင်သူတွေလည်း ရှိနေပါတယ်။ ဒီစာစုမှာတော့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ကြီးဟောကြားထားတဲ့ ‘သီလစောင့်မှ အူမတောင့်မည်’ တရား တော်ကို နာကြား၊ မှတ်သားပြီး ဆင်ခြင်၊ ဆွေးနွေးသွားဖို့ပါ။

(၂)
‘အူမတောင့်မှ သီလစောင့်မယ်’တဲ့။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ စကားပုံ တစ်ခုပါပဲ။ အူမတောင့်တယ်ဆိုတာ ဗိုက်ဝနေတာ၊ ထမင်းဝနေတာကို ပြောတာပါ။ ထမင်းဝဖို့ဆိုရင် စားစရာသောက်စရာရှိနေဖို့လိုပြီး စားစရာသောက်စရာဆိုတာကလည်း ငွေရှိမှ၊ စီးပွားဥစ္စာ ပြည့်စုံနေမှ စားသောက်နိုင်မှာပါ။ အဲဒီအတွက် အူမတောင့်မှ သီလစောင့်မယ် ဆိုတာဟာ ကိုယ့်မှာ စားဝတ်နေရေးပြည့်စုံနေမှ၊ စီးပွားဥစ္စာတွေ အဆင်ပြေနေမှ သီလ စောင့်နိုင်မယ်၊ ကိုယ်ကျင့် တရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ထမင်းငတ်နေရင် သီလစောင့်ဖို့လာမ ပြောနဲ့ဆိုတာဟာ ကိုယ်ကျင့်သီလထက် စားဝတ်နေရေးက ပို အရေးကြီးတယ်ဆိုတဲ့သဘော ဖြစ်သွားပါတယ်။ ကိုယ်ကျင့်သီလကို ထည့်တွက်နေစရာမလိုတော့ဘူးလို့ ပြောလိုက်ပြီဆိုကတည်းက ဒီအဓိပ္ပာယ်၊ ခံယူချက်ဟာ လူ့အဖွဲ့အစည်းအတွက် မကောင်းတဲ့ဘက်ဆီ ဦးတည်နေတယ်ဆိုတာ သိသာပါတယ်။ လူ့လောက၊ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေတဲ့ အကျပ် အတည်း ပြဿနာတွေကို ကြည့်လိုက်ရင် စားဝတ်နေရေး မပြည့်စုံမှု၊ ဆင်းရဲမွဲတေမှုတွေနဲ့ ဆက်စပ်နေပြီး ‘ဆင်းရဲမွဲတေမှုက ရာဇဝတ်မှုတွေ ဖြစ်ပွားစေတယ်’ဆိုကြပါတယ်။

လူတွေ တကယ်ငတ်လာပြီဆိုရင် လုပ်မိလုပ်ရာ လုပ်တတ် ကြပြီး ခိုးမှု၊ တိုက်မှု၊ လိမ်လည်လှည့်ဖျားမှုတွေလည်း ဖြစ်ပေါ် လာနိုင်တာကြောင့် ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်မှု ဆက်စပ်နေ တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သိထားရမှာက လူတွေ တကယ်ငတ်လာပြီ၊ ဆင်းရဲ ကျပ်တည်းလွန်းလာပြီဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားလာနိုင် တယ်ဆိုတဲ့အဓိပ္ပာယ်ဟာ ကိုယ့်မှာ စားစရာမရှိတော့တာနဲ့ မဟုတ်တာလုပ်ခွင့်၊ သီလပျက်ခွင့်လိုင်စင်တစ်ခု ရသွားတာ မဟုတ် ဘူးဆိုတာပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို ခံယူကျင့်သုံးနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်းစတဲ့ ငါးပါးသီလခေါ် ဝါရိတ္တသီလကိုတော့ မဖြစ်မနေ စောင့်ထိန်း၊ ရှောင်ကြဉ်နိုင်ကြဖို့ အရေးကြီးပါတယ်။

(၃)
‘အူမတောင့်မှ သီလ စောင့်မယ်’ဆိုတဲ့စကားအတိုင်းဆိုရင် လောကလူ့ဝန်းကျင်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဟာ စီး ပွားဥစ္စာ အဆင်မပြေတာ၊ ဆင်းရဲကျပ်တည်းတာနဲ့ပဲ ကိုယ်ကျင့် သီလကို စောင့်စည်းထိန်းသိမ်းစရာ မလိုတော့ဘူးလား မေးစရာ ရှိပါတယ်။ တကယ်တမ်းတော့ အလှူဒါနတစ်ခု ပြုတယ်ဆိုတာကမှ တစ်ဘက်သားကို ပေးလှူဖို့အတွက် ကိုယ့်မှာ ပစ္စည်းတစ်ခုခု ရှိနေ၊ ပြည့်စုံနေဖို့ လိုပါသေးတယ်။ သီလစောင့်ဖို့ဆိုတာဟာ ငွေကုန်ကြေးကျခံနိုင်မှ လုပ်လို့ရတာမဟုတ်ဘဲ မိမိရဲ့ ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်စည်းပြီး မလုပ်သင့်တာကို မလုပ်ဘဲ ရှောင် ကြဉ်လိုက်ရင် ရနိုင်တဲ့ကိစ္စတစ်ခုပါ။ ဥပမာအနေနဲ့ ငါးပါးသီလ မှာပါဝင်တဲ့ သုရာမေရယ သိက္ခာပုဒ်ကိုကြည့်ရင် အရက်သောက်ခြင်း၊ မသောက်ခြင်းဟာ ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ စောင့်စည်းခြင်း၊ မစောင့်စည်းခြင်း နဲ့သာသက်ဆိုင်ပြီး တကယ်လို့ အရက်မသောက်ဘူးဆိုရင် အရက်ဖိုးကုန်မယ့်ပိုက်ဆံတောင် ကိုယ့်မိသားစုအတွက် အပို ထွက်လာနိုင်ပါသေးတယ်။

နောက်တစ်ချက်အနေနဲ့ အိမ်ရာတည်ထောင် လူတို့ဘောင်မှာ ဝမ်းရေးအတွက် ရှာဖွေကြရတဲ့အခါ အကုသိုလ်မကင်းတဲ့ အလုပ်တွေလုပ်မှပဲ ထမင်းဝပြီး အူမတောင့်တော့မှာလား စဉ်းစား စရာရှိပါတယ်။ ကျွန်တော်တို့တွေဟာ လောကလူ့ဝန်းကျင်မှာ စီးပွားဥစ္စာ ရှာဖွေနိုင်ဖို့အရေး ‘အသက်မွေးမှု တစ်ခုပညာ’ဆိုသလို ကိုယ် အဆင်ပြေ၊ တတ်ကျွမ်းရာအလုပ်အကိုင်နဲ့ ရပ်တည်နေကြရတာပါ။ ဒီလို လုပ်ကိုင်စားသောက်တဲ့အခါမှာ သူများအသက်သတ်ပြီး ပိုက်ဆံရှာမှ၊ တစ်ဘက်သားအပေါ် လိမ်လည်လှည့်ဖျား၊ မတော် မတရား လုပ်ကိုင်စားမှ စီးပွားဖြစ်တာမျိုးရယ်တော့ မဟုတ်ပါဘူး။

ခေတ်ကာလအခြေအနေအရ တချို့နေရာတွေမှာ ကိုယ်ကျင့်သီ လကို ဘေးချိတ်ထားပြီး အလိမ်အညာ၊ အလောင်းအစားပါတဲ့ အလုပ်တွေက ငွေရလွယ်သလိုဖြစ်နေတာ ရှိပေမယ့် သမ္မာအာဇီ ဝကျကျ အလုပ်တွေနဲ့ အဆင်ပြေ၊ ကြီးပွားနေသူတွေ တစ်ပုံကြီး ရှိနေတယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး။ အထူးသဖြင့် ကိုယ်တစ်ယောက်တည်း ရပ်တည်ရှင်သန်လို့ မရဘဲ အများနဲ့ဆက်ဆံလုပ်ကိုင်နေရတဲ့ စီးပွားရေး၊ ကြီးပွားရေး လုပ်ငန်းစဉ်တွေမှာ ရိုးသားဖြောင့်မတ်သူ၊ ကိုယ်ကျင့်တရား အလေးထားသူတွေကိုသာ ရေရှည်လက်တွဲ၊ လုပ်ကိုင်ချင်ကြတာ တွေ့ရမှာပါ။


ဒါကြောင့်လည်း စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေဆီ အလုပ် လျှောက်လွှာတင်တဲ့အခါမှာ သက်ဆိုင်ရာ ကိုယ်ရေးအချက်အ လက်နဲ့အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာကိုပါ တစ်ပါတည်း တင်ပြပေးရတာဖြစ်ပါတယ်။ စာရိတ္တမ ကောင်းသူ၊ ကိုယ်ကျင့်တရားပျက်ပြားနေသူကို ဘယ်အလုပ်ရှင် ကမှ အလုပ်ခန့်ချင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်အလုပ်အကိုင် အဆင်ပြေဖို့ရာမှာ ကိုယ်ကျင့် တရားကောင်းမွန်ဖို့က သိပ်ပြီးအရေးပါနေတာကို ကြည့်လိုက်တာနဲ့ အူမတောင့်မှ သီလစောင့်မယ်ဆိုတာထက် အူမတောင့်ဖို့ သီလစောင့်ရမယ်ဆိုတဲ့စကားက ပိုပြီး မှန်နေတယ်ဆိုရမှာပါ။

(၄)
‘ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရဲ့ အရင်းအနှီးဟာ ကိုယ်ကျင့်တရားပဲ’ ဆိုတဲ့ စကားကြားဖူးပါတယ်။ ကျွန်တော်တို့တွေဟာ ဝမ်းဝဖို့၊ ခါးလှဖို့ စီးပွားဥစ္စာ ရှာဖွေမယ်ဆိုရင် ငွေကြေးအရင်းအနှီး၊ လုပ်အားအရင်းအနှီး၊ အတတ် ပညာအရင်းအနှီးဆိုသလို အရင်းအနှီးတစ်ခုခု ရှိရပါတယ်။ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာတဲ့ လုပ်ငန်းရှင်၊ သူဌေး ကြီးတွေက ငွေကြေးအင်အားကို အရင်းအနှီးပြုပြီး စီးပွားဥစ္စာ ရှာဖွေနေချိန်မှာ ဓနအင်အား နည်းပါးတဲ့ သာမန်လူတန်းစားတွေ အတွက် မှီခိုအားထားရာ အရင်းအနှီးကတော့ ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်။


တကယ်လို့ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့စိတ်ထားနဲ့ ကိုယ်ကျင့်တရားကို မစောင့်စည်းနိုင်ဘူးဆိုရင်တော့ လူအများရဲ့ ယုံကြည်လေးစားမှု၊ နေရာပေးမှုကို မရတော့ဘဲ ဘဝရပ်တည် ချက်ဟာလည်း ခိုင်မာလာဖို့အကြောင်း မရှိတော့ပါဘူး။ ကိုယ်ကျင့်သီလရှိသူ၊ ရိုးသားဖြောင့်မတ်သူတွေဆိုတာ ပစ္စည်း ဥစ္စာ ကြွယ်ဝချမ်းသာမှု မရှိဘူးဆိုရင်တောင် ဘယ်ဘဝ၊ ဘယ် အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ဘဝကို လိပ်ပြာလုံလုံ နေနိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ဘဝကို လိပ်ပြာလုံစွာနဲ့ စိတ်ချမ်းချမ်းသာသာ ရည်တည်နေထိုင်နိုင်တယ်ဆိုတာဟာလည်း ချမ်းသာခြင်းတစ်မျိုးပဲ မဟုတ်ပါလား။

(၅)
လူတစ်ယောက် ဘုန်းတန်ခိုးကြီးချင်ရင် အကျင့်ကောင်းရမယ်လို့ ဆိုပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် အူမတောင့်ခြင်း၊ စားဝတ်နေရေးအဆင်ပြေခြင်း ဆိုတဲ့ကိစ္စဟာ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ ဒီအတွက် ကိုယ်ကျင့်တရားကောင်းမယ်၊ သီလစောင့်မယ်ဆိုရင် အူမတောင့်ရုံတင်မကဘဲ တခြား လိုတဲ့အရာတွေကိုပဲ ရရှိခံစားနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ ‘သီလ ဆိုတာ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ် တရား’လို့ ‘သီလစောင့်မှ အူမတောင့်မည်’တရားတော်မှာ ဟော ကြားထားပြီး ကုသိုလ်တရားတွေအားလုံးရဲ့ အရင်းမူလဟာ ကိုယ်ကျင့်သီလဖြစ်ကြောင်းလည်း မိန့်ကြားပါတယ်။ ဒီကနေ့ကာလမှာ ဆင်းရဲကျပ်တည်းမှု၊ ရောဂါဘယထူပြောမှုစတဲ့ ကပ်ဘေးတွေ ဆိုက်နေရတယ်ဆိုတာဟာလည်း လောက လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ အားကြီးလာမှုနဲ့ ကိုယ်ကျင့် တရားပျက်ပြားလာမှု တွေကြောင့်ဆိုနိုင်ပြီး အကျင့်သီလနဲ့ ပြည့်စုံမှ ဆင်းရဲခြင်း၊ ဘေးဒုက္ခတွေကနေ လွတ်မြောက်နိုင်ကြမှာပါ။

ကျွန်တော်တို့အနေနဲ့ လောကလူသားအချင်းချင်း စောင့်စည်းအပ်၊ ထိန်းသိမ်းအပ်၊ ရှောင်ကြဉ်အပ်၊ လိုက်နာအပ်တဲ့ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံမှသာ တစ်ဦးချင်းစီကစပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ဘဝရပ်တည်ချက်တွေ တစ် ဆင့်ပြီးတစ်ဆင့် တိုးတက်မြင့်မားလာမယ့် သဘောပါပဲ။ ကုသိုလ်တရားအားလုံးရဲ့ အစဖြစ်တဲ့ ကိုယ်ကျင့်သီလဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ အမြဲမပြတ် ဖြည့်ဆည်း အပ်တဲ့ စွမ်းအားတစ်ရပ်ဖြစ်သလို လောကလူသားတွေရဲ့ စီးပွားရေး၊ ကြီးပွားရေးနဲ့လည်း သက်ဆိုင်နေပါတယ်။

အထက်မှာ ဆိုခဲ့သလိုပါပဲ။ ဘဝရပ်တည်ချက်အတွက် စီးပွားဥစ္စာ ရှာဖွေတဲ့နေရာမှာ လောကအမြင်အရ အူမတောင့်မှ သီလ စောင့်မယ်ဆိုတဲ့အသံတွေ ကြားနိုင်သလို ဓမ္မအမြင်အရ အူမတောင်ဖို့အရေး ကိုယ်ကျင့်သီလ စောင့်ထိန်းပေးဖို့ တိုက်တွန်းသံတွေလည်း ရှိနေမှာပါ။ အသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်အနေနဲ့ ဘယ်လမ်းကို ရွေးမလဲ ဆုံးဖြတ်တဲ့နေရာမှာတော့`ကိုယ်ကျင့်တရားသည်သာ လူ့အဆင့်အတန်း´ဆိုတဲ့စကားနဲ့ ချိန်ထိုးတိုင်းတာကြည့်ဖို့ပါပဲ။

မိုးအောင်လင်းနိုင် ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top