ဘဝကို အကျိုးရှိစွာ ဖြတ်သန်းလို ကြသူများအတွက် ဗဟုကာရသုတ်လာ ဗုဒ္ဓလမ်းညွှန်ချက် လေးမျိုး

buddha-with-the-sunrise-PC2LC4L1.jpg

(၁)
လောကထဲ ရခဲလှစွာသော သဘောတရားတွေဖြစ်တဲ့ ဒုလ္လဘ တရား(၅)ပါးထဲမှာ ‘မနုဿတ္တ ဘာဝ ဒုလ္လဘ-လူ့ဘဝ လူ့အဖြစ် ရခဲခြင်း’ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ ရေတွင်းနက်တစ်ခုထဲ ပြုတ်ကျသွား တယ်ဆိုပါစို့။ အဲဒီလူကို ကူညီကယ်တင်ပေးသူ မရှိဘူးဆိုရင် ပြန် တက်ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီလိုပါပဲ။ ကျွန်တော်တို့တွေဟာလည်း လူ့ဘဝကိုရောက်နေတုန်းမှာ မကောင်းမှု ဒုစရိုက်တွေ ကျူးလွန် မှောက်မှားပြီး ငရဲ၊ တိရစ္ဆာန်စတဲ့ အပါယ်လေးဘုံကို ရောက်သွားရင် အထက်ကိုပြန်တက်နိုင်ဖို့ မလွယ်တော့ပါဘူးတဲ့။

ကိုယ်လက်တွေ့မြင်ရတာ မဟုတ်ဘူးဆိုနိုင်တဲ့ ငရဲ၊ ပြိတ္တာနဲ့ အသူရကာယ်ဘုံတို့ကို ခဏထားပြီး ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်ရှိနေတဲ့ တိရစ္ဆာန်လေးတွေနဲ့ နှိုင်းစာကြည့်လိုက်ပါ။ အသိ ဉာဏ်ကစပြီး အစစအရာရာ နိမ့်ကျယုတ်ညံ့တဲ့ တိရစ္ဆာန်ဘဝထက် လူ့ဘဝက ဘယ်လောက်သာတယ်၊ မြတ်တယ်၊ ရခဲတယ်ဆိုတာ လက်တွေ့ကျကျ တွေးလို့ရပါတယ်။


ကုသိုလ်ကံအကျိုးပေးအရ ကံကောင်းထောက်မပြီး ရလာတဲ့ လူ့ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းကုန်ဆုံးနိုင်ဖို့၊ ဒီဘဝ ဒီခန္ဓာသာမက နောင်ဘဝ နောင်သံသရာအတွက်ပါ အကျိုးများနိုင်ဖို့အရေး ဗုဒ္ဓဘုရားရှင် ဟောကြားထားတဲ့ ဆုံးမလမ်းညွှန်ချက်တွေ မြောက် မြားစွာရှိနေတာ သိကြပြီးသားဖြစ်ပါတယ်။ မိမိဘဝ တိုးတက်ကြီးပွားဖို့ ဘယ်လိုနေထိုင်၊ ဘာတွေလုပ် ကိုင်ရမယ်၊ ဘယ်အချက်တွေလိုက်နာကျင့်သုံးပြီး ဘယ်သူတွေနဲ့ ပေါင်းသင်းရမယ် …စသဖြင့် လူမှုဘဝ စီးပွားရေး၊ ကြီးပွားရေးကစ၊ အိမ်ထောင်သားမွေးခန်းပါ မကျန်ရအောင် ဆုံးမထားတဲ့ ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေကို လောကလူသားတွေအနေနဲ့ လက်တွေ့ ကျကျ လိုက်နာ၊ ကျင့်သုံးနိုင်ကြဖို့ပဲ လိုတာပါ။

ဒီစာစုမှာတော့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ သစ္စာရွှေစည်ဆရာတော်တို့ ဟောကြားထားတဲ့ တရားတော်များထဲက ဗဟုကာရသုတ်လာ လိုက်နာကျင့်သုံးစရာ အကြောင်းတရား(၄)ပါးကို မျှဝေပေးချင်ပါတယ်။

(၂)
‘ဗဟု-များစွာ’၊ ‘ကာရဆိုတာ အကျိုးပြုခြင်း’လို့ အကြမ်းအားဖြင့် မှတ်သားရပြီး ဗဟုကာရတရား(၄)ပါးဆိုတာကတော့ လော ကလူသားတွေအတွက် များစွာသော ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ အကြောင်းတရား(၄)ပါးကို ရည်ညွှန်းတာပါ။
ဘဝကို အကျိုးရှိစွာ ဖြတ်သန်းလိုကြတဲ့ ပုဂ္ဂိုလ်တွေအတွက် လိုက်နာရမယ့်အချက်(၄)ချက်ကို ဗဟုကာရသုတ်မှာ ဘုရားရှင်က ဟောကြားထားတာပဲဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ရဲ့ဘဝကို အကျိုးများစွာ ဖြစ်ထွန်းစေဖို့ ပထမဆုံးလိုက်နာရမှာက ‘သပ္ပုရိသ သံသေဝ- လူတော်လူကောင်းနှင့် ပေါင်းသင်းခြင်း’ဆိုတဲ့အချက်ဖြစ်ပါတယ်။ မြန်မာစကားမှာ ‘တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး’ဆိုတာ ရှိသလို ‘သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ဆိုတာလည်း ရှိပါတယ်။ ဒီစကားတွေဟာ လူတစ်ယောက်ရဲ့ဘဝ အကောင်းအဆိုးအတွက် အပေါင်းအသင်း၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင်စီရင်မှုတွေက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ သိ သာစေပါတယ်။


ဗုဒ္ဓမြတ်စွာကိုယ်တိုင်ကလည်း ‘မိတ်ကောင်းဆွေကောင်း၊ သူတော်ကောင်းကို ပေါင်းသင်းရခြင်းဟာ မိမိရဲ့အကျိုးစီးပွား အကုန်လုံးကို ပြီးမြောက်စေတယ်’လို့ အရှင်အာနန္ဒာကို မိန့်ကြား ခဲ့ဖူးတာကြောင့် သူတော်ကောင်းနဲ့ ပေါင်းသင်းရခြင်းအကျိုးကို အထူးပြောနေစရာ မလိုတော့ပါဘူး။

‘ဒါဆို ဘယ်လိုလူဟာ သူတော်ကောင်းလဲ’ မေးလာခဲ့ရင် ဘဝမှာ ကောင်းတာကြံ၊ ကောင်းတာပြော၊ ကောင်းတာလုပ်ပြီး မကောင်းမှု ရှောင်၊ ကောင်းမှုကို ဆောင်နိုင်သူဟာ သူတော်ကောင်းပါပဲ။ ဒီထက်ပိုပြီး ထိထိမိမိပြောချင်ရင်တော့ လူတစ်ယောက်ဟာ တစ်ဖက်သားကို ကိုယ်ချင်းစာနာ၊ သနားကြင်နာတတ်တဲ့ ကရုဏာရယ်၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မှန်မှန် ကန်ကန်ခွဲခြားသိနိုင်တဲ့ ဉာဏ်ပညာရယ် ပြည့်စုံနေရင် သူတော်ကောင်းလို့ ခေါ်ဆိုနိုင်ကြောင်း မှတ်သားရပါတယ်။ သူတော်ကောင်းနဲ့ ပေါင်းပြီး သူတော်ကောင်း ဓာတ်တွေကူး ပြီဆိုတာနဲ့ အဲဒီလူရဲ့ ဘဝလမ်းကြောင်းဟာလည်း အကောင်းဘက်ကို ဦးတည်သွားနိုင်တော့မှာပါပဲ။ ဒီအတွက် ‘လူတော်လူကောင်းနှင့် ပေါင်းသင်းခြင်း’ဟာ အကျိုးများစွာ ရရှိစေတယ်လို့ လမ်းညွှန်ထားတာပါ။

(၃)
‘သပ္ပုရိသ သံသေဝ’ဆိုတဲ့ ပထမတစ်ချက်ကို လိုက်နာပြီးရင် ဒုတိယအချက်အနေနဲ့ ကျင့်သုံးရမှာက ‘သဒ္ဓမ္မဿဝန- သူတော်ကောင်းတရားကို နာကြားခြင်း’ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူတော်ကောင်းနဲ့ ပေါင်းပြီဆိုတာနဲ့ သူတော်ကောင်းဆီက မှန်ကန်တဲ့အတွေး၊ ကောင်းမြတ်တဲ့ အ ကျင့်တွေကို ကြားနာခွင့်၊ မှတ်သားခွင့်၊ စူးစမ်းလေ့လာခွင့် ရဖို့ လည်း မခက်ခဲတော့ပါဘူး။ ဒါဆိုရင် ရှေ့ဆက်ရမယ့် မိမိဘဝအတွက် အကျိုးကျေးဇူးများစွာ ရရှိသွားနိုင်ပါပြီ။

သူတော်ကောင်းတရား နာကြားရခြင်းဟာ ဘာကြောင့် အကျိုးကျေးဇူး များစေတာလဲ မေးစရာရှိပါတယ်။ ‘ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက် သိဉာဏ် ထက်၏’ ဆိုတဲ့စကား ကျွန်တော်တို့တွေ ကြားဖူးကြပါတယ်။ လူတစ်ယောက်ဟာ မိတ်ကောင်းဆွေကောင်း၊ သူတော် ကောင်းဆီက ဓမ္မစကားကို နာကြားလိုက်ရတဲ့အခါ အသိဉာဏ်ကို ဖြစ်ထွန်းစေသလို တကယ်လို့ ကိုယ်သိပြီးသား အကြောင်း အရာတွေဖြစ်နေရင်လည်း ပိုပြီးတော့ ရှင်းလင်းသွားစေပါတယ်။

တရားနာရတဲ့အကျိုးကြောင့် ရခဲလှတဲ့ လူ့ဘဝမှာ အကုသိုလ်၊ ဒုစရိုက်တွေ မကျူးလွန်မိအောင် ဘယ်လိုနေထိုင်၊ ဖြတ် သန်းသွားရမယ်ဆိုတာ သိသွားစေပါတယ်။ မိတ်ဆွေကောင်း၊ သူတော်ကောင်းဆီက ကောင်းမြတ်တဲ့ တရားဓမ္မတွေကို နာကြား ခွင့်ရလိုက်ပြီဆိုတာနဲ့ အဲဒီလူဟာ ရိုင်းစိုင်းရာကနေ ယဉ်ကျေး၊ ပူလောင်ရာကနေ အေးချမ်းပြီး ရှုပ်ထွေးရာကနေလည်း ရှင်းလင်း သွားစေနိုင်တာကြောင့် လက်ရှိဘဝ၊ နောင်သံသရာ နှစ်ဖြာစလုံး အတွက် ကောင်းမြတ်တဲ့ အကျိုးကျေးဇူးတွေ ရရှိခံစားနိုင်မှာ မလွဲ တော့ပါဘူး။ ဒီနေရာမှာ ‘သူတော်ကောင်းနဲ့ပေါင်း၊ သူတော်ကောင်း တရားနာ’ဆိုတဲ့ လမ်းညွှန်ချက်နှစ်ရပ်နဲ့ပတ်သက်လို့ ဆက်စပ်ပြီး တွေးကြည့်စရာရှိပါတယ်။

ဘဝမှာ ကောင်းကျိုးချမ်းသာ အဖြာဖြာကို လိုလား တောင့်တကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အလေးအမြတ် မှီဝဲ ဆည်းကပ်ဖို့ရာ အကောင်းမြတ်ဆုံးက ဗုဒ္ဓဘုရားရှင်ဖြစ်ပြီး ‘ငါ မရှိတော့တဲ့နောက်မှာ တရားတော်တွေက ငါဘုရားရဲ့ကိုယ်စားပဲ’လို့ ဘုရားရှင်က မိန့်ကြားခဲ့ကြောင်း နာကြားဖူးပါတယ်။ ဒီအတွက် ဘုရားရှင်ရဲ့ အဆုံးအမ၊ တရားတော်တွေကို မှီဝဲဆည်းကပ်ခြင်းဟာ သူတော်ကောင်းနဲ့ ပေါင်းသင်းခြင်း၊ သူတော်ကောင်းတရား နာကြားခြင်းဆိုတဲ့ အချက်နှစ်ချက်လုံးကို ပြည့်စုံသွားစေတယ်လို့ ခံယူ၊ ကျင့်သုံးနိုင်ကြဖို့ပါ။

(၄)
သူတော်ကောင်းနဲ့ပေါင်းခြင်း၊ သူတော်ကောင်းတရား နာ ကြားရခြင်းဆိုတဲ့ အကြောင်းတရားနှစ်ပါးနဲ့ ပြည့်စုံပြီးတဲ့နောက် တတိယအချက်အနေနဲ့ ကျွန်တော်တို့ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့ လိုအပ်တာက ‘ယောနိသော မနသိကာရ’ဆိုတဲ့အချက်ပါ။ ‘ယောနိသော-ကုသိုလ်တရားဖြစ်ခြင်း၏ အကြောင်းအားဖြင့်၊ မန သိကာရော-ကောင်းစွာနှလုံးသွင်းဆင်ခြင်ခြင်း’ လို့ဆိုထားတဲ့ အတွက် ‘ယောနိသာ မနသိကာရ’ဆိုတာ သင့်တင့်အောင် နှလုံးသွင်းတတ်ခြင်း၊ တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်တတ်ခြင်းပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ဘဝမှာ အကြောင်းကိစ္စတစ်ခုခုနဲ့ကြုံ လာတဲ့အခါ ကုသိုလ်ဖြစ်အောင် တွေးယူတတ်တာကို ယောနိသော မနသိကာရလို့ဆိုနိုင်သလို အကုသိုလ်ဖြစ်စရာ အခြေအနေမျိုးမှာ အကုသိုလ်မဖြစ်အောင် ဆင်ခြင်နိုင်စွမ်းရှိတာဟာလည်း ဒီသဘောပါပဲ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ ယောနိသော မနသိကာရဆိုတာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိခြင်းလို့ မိန့်ကြားပြီး ဘုရားရှင် ဆုံးမ ထားတဲ့စကားနဲ့ ကိုယ်နေထိုင်ကျင့်ကြံနေတာ မှန်ကန်မှုရှိရဲ့လား ဆင်ခြင်နိုင်ဖို့ လိုအပ်ကြောင်း မိန့်ပါတယ်။

‘သူတော်ကောင်းနဲ့ပေါင်းတော့ ဘယ်လိုအကျိုးကို ရလဲဆိုရင် နံပါတ်နှစ်က သဒ္ဓမ္မဿဝန။ သူ့ဆီက မှန်ကန်တဲ့အတွေးတွေ၊ အမြင်တွေ၊ မှန်ကန်တဲ့တရားတွေကို သိရှိခွင့်ရတယ်။ အဲတော့ လူတော်လူကောင်းနဲ့ ပေါင်းဆုံမိတာက ပထမ။ ပေါင်းဆုံမိခြင်းကြောင့် သူ့ဆီက အဖိုးတန်ဆုံးအချက်တွေရတာက ဒုတိယ။ မြတ်စွာဘုရားနဲ့ ဘုရားပွင့်တဲ့ အချိန်ကာလမှာ လူဖြစ်ကြလို့ ဘုရားနဲ့ ဆုံစည်းရတယ်လို့ ဆိုပါစို့။ မြတ်စွာဘုရားရဲ့ တရားတော်တွေရှိနေသမျှ ဘုရားရှိတယ်လို့ခေါ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားနဲ့ ဆုံစည်းရတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေကို ကြားနာခွင့်ရတယ်။ ဒီနှစ်ခုဟာ အလွန်ကို ကံကောင်းလို့ရတဲ့ အကြောင်းတရားနှစ်ခုပဲ ဖြစ်တယ်။

ဒီအကျိုးနှစ်မျိုးရလာရင် ကိုယ့်ဘက်က လုပ်ရမယ့်အချက်က နံပါတ်သုံးအနေနဲ့ ယောနိသော မနသိကာရ။ ဘုရားဆုံးမထားတဲ့ စကားနဲ့ပတ်သက်ပြီးတော့ နှလုံးသွင်းဆင်ခြင်မှုက အရေးကြီးပြန် တယ်။ မြတ်စွာဘုရား ဘာဟောထားသလဲ။ အဲဒီ ဟောထားတဲ့အတိုင်း ငါဟာ နေထိုင်မှုရှိရဲ့လား။ ကိုယ့်ကိုယ်ကို သတိထား ဆင်ခြင်သုံးသပ်ဖို့ပေါ့။ ဘုရားဆုံးမထားတဲ့စကားနဲ့ ကိုယ်နေတာနဲ့ မှန်ကန်ရဲ့လား။ ဒါကိုကြည့်ရမယ်။ အဲဒါကို ယောနိသော မနသိကာရလို့ခေါ်တယ်’လို့ ‘လူတိုင်းအတွက် မြတ်ဗုဒ္ဓ၏ အဆုံး အမစကားများ’တရားတော်မှာ ပါမောက္ခချုပ်ဆရာတော်ကြီးက ဆက်စပ်ဟောကြားခဲ့တာ ဖြစ်ပါတယ်။

(၅)
ဗဟုကာရသုတ်လာ ကောင်းကျိုးချမ်းသာများစွာ ရစေနိုင်တဲ့ တရား(၄)ပါးထဲမှာ နောက်ဆုံးလိုက်နာရမယ့်အချက် ကျန်ပါသေး တယ်။ အဲဒါကတော့ ‘ဓမ္မာနု ဓမ္မပဋိပတ္တိ-မဂ်ဖိုလ်အားလျော်သော အကျင့်ကို ကျင့်ခြင်း’ ဆိုတဲ့အချက်ဖြစ်ပြီး ‘သီလ၊ သမာဓိ၊ ပညာ ရှိအောင် ကျင့်ကြံခြင်း’လို့ဆိုလိုက်ရင် ပိုပြီး နားရှင်းမယ်ထင်ပါတယ်။ ဒီအချက်ဟာ မိမိဘဝရပ်တည်ချက်နဲ့ ကိုယ့်ဘဝအခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လျှောက်လှမ်းရမယ့် ဘဝလမ်းကြောင်းအတိုင်း လျှောက်လှမ်း သွားနိုင်ဖို့ ဆုံးမ၊ လမ်းညွှန်လိုတာပဲဖြစ်ပါတယ်။

သူတော်ကောင်းတရားတွေနာကြားပြီး မိမိကိုယ်တိုင် နှလုံး သွင်းဆင်ခြင်မှုတွေ မှန်ကန်လာတဲ့နောက်မှာ ‘ဓမ္မာနု ဓမ္မပဋိပတ္တိ’ ဆိုတဲ့ အကျင့်မြတ် လိုက်လာနိုင်ဖို့ပါ။ သီလလို့ခေါ်တဲ့ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလတွေ ကောင်းမွန်စွာ စောင့်ထိန်းလာမယ်၊ ကောင်းမြတ်တဲ့ တရားဓမ္မ အလုပ်တွေအပေါ်မှာ သမာဓိဆိုတဲ့ အာရုံစူးစိုက်၊ စိတ်နှစ်လုပ် ဆောင်မှုတွေ ရှိလာမယ်၊ အမှားအမှန်၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သလို ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားနားလည်နိုင်တဲ့ ပညာဉာဏ်လည်း ရင့်သန်လာပြီဆိုရင် အဲဒီလူရဲ့ ဘဝမှာ များစွာသော ကောင်းကျိုးချမ်းသာတွေ ဖြစ်ထွန်းလာမှာ သေချာပြီပေါ့။

ဒါကြောင့် သူတော်ကောင်းနှင့် ပေါင်းခြင်းဆိုတဲ့ သပ္ပုရိသ သံသေဝ၊ သူတော်ကောင်းတရားကို နာကြားခြင်းဆိုတဲ့ သဒ္ဓမ္မဿသဝန၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်ခြင်း-ယောနိသော မနသိကာရ၊ သီလ၊ သမာဓိ၊ ပညာကို ကျင့်ခြင်း- ဓမ္မာနု ဓမ္မပဋိပတ္တိဆိုတဲ့ အချက်လေးချက်ဟာ လောကလူသားတွေအတွက် အင်မတန်မှ အကျိုးကျေးဇူး များစေတဲ့ အကြောင်းတရားတွေ ဖြစ်တယ်လို့ ဗဟုကာရသုတ်မှာ ဟောကြားဆုံးမတော်မူထားတာပါ။ ရခဲလှတဲ့ လူ့ဘဝကို ရလာပြီးတဲ့နောက် ဗုဒ္ဓဘုရားရှင် ဟော ကြားထားတဲ့ ဗဟုကာရတရားလေးပါးကို လိုက်နာရင်းနဲ့ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသောအကျိုးကျေးဇူးတွေ ရရှိခံစားနိုင်ကြဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top