ထိုင်းနိုင်ငံ Asian Autismပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ မြန်မာ Autism ကလေးငယ်များ

1.jpg

အောက်တိုဘာ ၇-၈ ရက်နေ့တွေမှာ အာဆီယံ နိုင်ငံပေါင်း ၈နိုင်ငံ ပါဝင်ယှဉ်ပြိုင်တဲ့ Asian Autism အားကစားပြိုင်ပွဲ Disability-Inclusive Sports For Tomorrow 2017ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲ​မှာ မြန်မာနိုင်ငံ Autismအသင်းမှ ကလေးငယ် ၃၇ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၅ခုနဲ့ ကြေးတံဆိပ် ၁ဝခုရရှိခဲ့ပါတယ်။ ဆုရရှိတဲ့ နိုင်ငံများအနက် အိမ်ရှင်ထိုင်းနိုင်ငံပြီးရင် မြန်မာနိုင်ငံက ဆုအများဆုရရှိခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ကစားနည်းတွေမှာ အပြေး၊ ရေကူးနဲ့ ထိုင်ခုံလု ကဲ့သို့သော မိသားစု ဂိမ်းကစားနည်းတွေပါဝင်ပါတယ်။ ပထမနေ့မှာ အပြေးနဲ့ ရေကူးကစားနည်းတွေ ယှဉ်ပြိုင်ကြပြီး ဒုတိယနေ့မှာတော့ မိသားစုပါ ပါဝင်ကစားလို့ရတဲ့ ကစားနည်းတွေနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အော်တစ်ဇင်အသင်း(Myanmar Autism Association (MAA)) ရဲ့ ဦးဆောင်သူများထဲမှ EC ဒေါ်နီနီအောင် (Autism မိဘတစ်ဦးလည်းဖြစ်သူ)​​​ကို ရိုးရာလေးမှ ဆက်သွယ်မေးမြန်းထားပါတယ်။

ရိုးရာလေး။ ။ မင်္ဂလာပါ ဆရာမ။ ပြိုင်ပွဲလေးနဲ့ ပတ်သက်ပြီး ပြိုင်ဖြစ်တဲ့ အကြောင်းတွေနဲ့ ပြိုင်ပွဲအကြောင်းလေး သိချင်ပါတယ်။

ဒေါ်နီနီအောင်။ ။ အခုက အီးမေးလ်ပို့ပြီး ဆက်သွယ် ဖိတ်ခေါ်တာကြောင့် ပြိုင်ဖြစ်ခဲ့တာပါ။ အရမ်းလည်း အချိန ္နီးကပ်နေတာကြောင့်ကော ငွေရေးကြေးရေး အခက်အခဲကြောင့်ကော ပြင်ဆင်မှုတွေ သိပ်မလုပ်ခဲ့ရပါဘူး။ ဒါပေမယ့် နဂိုက လေ့ကျင့်ထိန်းကျောင်းပေးထားတဲ့ အခံကြောင့် ကလေးတွေက အဆင်ပြေပြေ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အခုပြိုင်တာက ရန်ကုန်ကျောင်းတွေက ကလေးငယ်တွေနဲ့ တောင်ကြီး က ကလေးငယ်တွေ စုပြီး သွားပြိုင်ကြတာပါ။ ပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ဆုကို မြန်မာက ရရှိခဲ့ပါတယ်။ ရွှေ ၃ခု၊ ငွေ ၅ခု၊ ကြေး ၁ဝခုရရှိခဲ့ပြီး ဆုတံဆိပ်တွေ ရရှိခဲ့တဲ့အထဲမှာလည်း မြန်မာက အများဆုံးဖြစ်ပါတယ်။

ရိုးရာလေး။ ။ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရပါသလဲ။

ဒေါ်နီနီအောင်။ ။ အခက်အခဲတွေကတော့ အများကြီးပါ။ အကုန်လုံးက ကိုယ့်စားရိတ်ကိုယ်စိုက်ပြီး သွားပြိုင်ခဲ့ရတာပါ။ ထိုင်းနိုင်ငံကို သွားတာလာတာ၊ စားစရိတ်သောက်စရိတ် တည်းခိုစရိတ်တွေအကုန် ကိုယ့်ဘာသာ အိတ်စိုက်ပြီး သွားပြိုင်ခဲ့တာပါ။ အတွေ့အကြုံ ရချင်လို့ကို သွားပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်စားရိတ် ကိုယ်စိုက်ပြီး သွားပြိုင်ရတာ ဖြစ်တဲ့အတွက် တစ်ချို့ကလေးငယ်တွေက တစ်ကယ်တော်ပြီး ခရီးစရိတ်အတွက် ပိုက်ဆံမတတ်နိုင်လို့ ကျန်နေခဲ့တာတွေ ရှိပါတယ်။ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဟိုမှာကားငှားတာတွေ၊ တီရှပ်ဆင်တူ ရိုက်တာတွေအကုန် မိဘတွေသက်သာအောင် အစ်မတို့​အသင်းကပဲ အကုန်အကျခံ လုပ်ပေးခဲ့ပါတယ်။ နောင်အခါတွေ သွားပြိုင်ဖြစ်မယ်ဆိုရင် နိုင်ငံတော်က တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးရင် ဒီထက်ပိုပြီးအဆင်ပြေနိုင်မယ် ဆုတွေ ပိုယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သင်ထောက်ကူ ပစ္စည်းတွေနဲ့ သေချာစနစ်တကျ ပိုလေ့ကျင့်ပေးနိုင်မယ်ဆိုရင် ကလေးငယ်တွေ ပိုအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ အခုက ကိုယ့်ဘာသာကိုယ် မိသားစုလိုက် ကျောင်းအလိုက် တစ်ပိုင်တစ်နိုင် လေ့ကျင့်ပေးထားရတာပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့အထောက်အပံ့နဲ့ စေတနာရှင်တွေရဲ့အကူအညီတွေကို ရမယ်ဆိုရင် ဒီထက်ပို အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ရိုးရာလေး။ ။ ယှဉ်ပြိုင်နေစဉ် အတွင်းမှာကော ဘယ်လိုတွေကြုံတွေ့ခဲ့ရပါသလဲ။

ဒေါ်နီနီအောင်။ ။ ဘာသာစကား အခက်အခဲလေးတော့ နည်းနည်းရှိပါတယ်။ သူတို့က စကားပြန် မထားပေးထားတော့လေ။ ပြိုင်ပွဲဝင်နေစဉ်မှာတော့ ထွေထွေထူးထူး အခက်အခဲမရှိခဲ့ပါဘူး။ တစ်ခုတော့ ရှိတယ်။ သူတို့က အစက ပထမ၊ ဒုတိယ၊ တတိယပေးမယ်ဆိုပြီး ပြိုင်ပွဲတွေပြိုင်လဲပြီးတော့ ပထမဆုတစ်ခုပဲ ပေးတော့မယ်ဆိုပါတယ်။ ကလေးငယ်လေးတွေက သူတို့ဆုရမယ်ဆိုတာ သိနေတော့ မပေးတော့ဘူးဆိုလဲလုပ်လိုက်ကော ငိုကြယိုကြဆိုတော့ ကလေးမိဘတွေ စိတ်ထိခိုက်ခဲ့ရပါတယ်။ အစ်မတို့လဲ သူတို့ကိုရအောင်ပြောတော့ နောက်ပိုင်းကျတော့ ပြန်ပြီးပေးပါတယ်။ သူတို့မပေးလည်း အစ်မတို့အသင်းက ပြိုင်ပွဲဝင်ခဲ့တဲ့ ကလေးငယ်တွေအကုန်လုံးကို ဆုပေးဖို့ ဆွဲပြားလေးတွေစီစဉ်ထားခဲ့ပါတယ်။ နောက်ပိုင်းတော့ အကုန်အဆင်ပြေခဲ့ပါတယ်။

ရိုးရာလေး။ ။ ကလေးတွေကကော ခရီးစဉ်တစ်လျှောက် အဆင်ပြေပါသလား ဆရာမ။

ဒေါ်နီနီအောင်။ ။ အစကတော့ စိတ်ပူမိပါတယ်။ ကလေးတွေ အဆင်ပြေပါ့မလားပေါ့။ အစ်မသမီးလေးဆိုရင်လည်း တန်းစီ စောင့်ဆိုင်းရတာမကြိုက်ဘူး။ ဒါ​ပေမယ့် ​သူကြိုက်တာလေး အလိုလိုက်ပြီး ချော့မော့ပြီးခေါ်လို့ရခဲ့ပါတယ်။ ပြီးတော့ လေယာဉ်လည်း စီးရမှာဆိုတော့ ခါးပတ်ပတ်ရ အဆင်ပြေပါ့မလားစိုးရိမ်ပေမယ့် ထင်သလောက် မဆိုးခဲ့ပါဘူး။ လေယာဉ်တက်တဲ့အချိန်လည်း သူတို့အထင်မှာ ရဟတ်စီးသလိုမျိုး ပျော်ပြီး အော်ကြတာတော့ ရှိပါတယ်။ စာရွက်စာတမ်းတွေလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ရုံးကိုပြောထားပြီး လေယာဉ်ပေါ် ဖြည့်ရမယ့်စာတွေကအစ ရုံးမှာစုပြီး ကြိုဖြည့်ထားခဲ့တဲ့အတွက် အခက်အခဲသိပ်မရှိပဲ အဆင်ပြေခဲ့ပါတယ်။ ၆ရက်နေ့မှာ ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး ၇ရက်နေ့နဲ့ ၈ရက်နေ့ နှစ်ရက်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

 

အခုလို ဖြေကြားပေးတဲ့အတွက် ဆရာမဒေါ်နီနီအောင်ကို ရိုးရာလေးမှ အထူး ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း ဆရာမနဲ့ မေးမြန်းထားတဲ့ မြန်မာနိုင်ငံ Autismကလေးငယ်များ အကြောင်း လှုပ်ရှားမှုများနဲ့ Autism အကြောင်း သိကောင်းစရာများကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Sophia(ရိုးရာ​လေး)
(ပုံ​တွေကို ခွင်​့ပြုချက်​နဲ့ ယူသုံးပါတယ်​)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top