Attention Seekers (လူအများရဲ့ အာရုံစိုက်ခံရလိုသူများ) နဲ့ ကိုယ်ကျိုးစီးပွား

အများအတွက် စွန့်လွှတ်အနစ်နာခံမှုဆိုတာကို တစ်ချိန်ချိန်မှာ ဖြစ်လာမယ့် ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သတ်မှတ်လုပ်ကိုင်နေရင်တော့ ဒါဟာ တော်တော်လေးကို မှားယွင်းနေပါပြီ။

အပြုသဘောအရ ကောင်းမွန်တဲ့ သရုပ်ကိုဖော်နေပေမယ့် ရည်ရွယ်ချက်မမှန်တဲ့ အတွက် အကျိုးလိုလို့ ညောင်ရေသွန်းတာမျိုး ဖြစ်နေပြီး တစ်နည်းပြောရရင် ကိုယ်ဖြစ်ချင်တာကိုသာ ရှေ့တန်းတင်တဲ့ တစ်ကိုယ်ကောင်းသမားသာ ဖြစ်ပါတယ်။

လူအများစုရဲ့ အတွင်းမသိစိတ်မှာ ကိုယ့်အပေါ်ဂရုစိုက်တာ၊ အလေးထားတာ၊ အသိမှတ်ပြုတာကို သိသိသာသာ လိုချင်ကြသလို ပါးစပ်က မကြိုက်ပါဘူးလို့ ငြင်းပြီး တကယ့်မသိစိတ်မှာ မသိမသာ တစ်ဖက်လှည့်နည်းနဲ့ ဂရုစိုက်ခံရအောင်၊ ထင်ပေါ်အောင် လုပ်မိနေတတ်တာမျိုးလည်း ရှိကြပါတယ်။

ဒီထက် ဆိုးတာကတော့ လူအများရဲ့ အာရုံစိုက်ခံရခြင်း (Attention) ကို ရယူ အသုံးချပြီး ကိုယ့်ဘဝရပ်တည်ရေးအတွက် “အများအတွက်အလုပ်လုပ်တယ်”ဆိုတဲ့ ပရဟိတခေါင်းစဉ်အောက်မှာ ကိုယ်ကျိုးစီးပွားရှာနေခြင်းပါပဲ။ သေသေချာချာ မစဉ်းစားရင်တော့ အများအတွက် စွန့်လွှတ် အနစ်နာခံနေသူလို့ ထင်သွားတတ်ပါတယ်။

တကယ်တော့ အများအတွက်ဆိုတာကို ဗန်းပြပြီး ကိုယ့်ရဲ့ ရပ်တည်ချက်၊ ခံယူချက်၊ အယူဝါဒ စတဲ့ ဈေးကွက်တွေကို နောက်ကွယ်ကနေ ရောင်းဝယ်ဖောက်ကားပြီး ကျယ်ပြန့်စေလိုတဲ့ ပညာသားပါပါ Brainwash (ခေတ်စကားအရ ဂျင်းထည့်တာလို့ ပြောလေ့ရှိ) လုပ်နေခြင်းတစ်မျိုးပဲ ဖြစ်သလို တစ်ခါတစ်ရံမှာ Brainwash အလုပ်ခံရသူ တချို့လူတွေက သူတို့အပေါ် “အများအတွက် အနစ်နာခံနေသူတွေအဖြစ်” ထင်မှတ်မှားကာ ကျွေးမွေး စောင့်ရှောက်မှုတွေကိုပါ ရယူပြီး ဘဝရပ်တည်ရေး ဝမ်းစာကို ဖြေရှင်းတာမျိုးတွေလဲ ရှိတတ်ပါတယ်။

ဒီလိုကိုယ်ကျိုးစီးပွား လုပ်စားနေတဲ့ သူတွေကို နိုင်ငံရေး၊ ဘာသာရေး၊ ပရဟိတ ဆိုတဲ့ နေရာတွေမှာ တကယ်စစ်မှန်စွာ လုပ်ကိုင်နေသူတွေကြား အယောင်ဆောင်တွေ အဖြစ် အများဆုံး တွေ့ရပါတယ်။ “ကောင်းစေချင်လို့” ဆိုတဲ့ စကားကို ရှေ့တန်းတင်ကာ တကယ်ကောင်းသွားရင်လည်း သူတို့ရဲ့ လုပ်စားနေကျ အခြေအနေလေးတစ်ခု ပျောက်သွားမှာ စိုးရိမ်နေကြပြန်ပါတယ်။

လူတွေဟာ ကောင်းတဲ့နည်းနဲ့ Attention ကို မရယူနိုင်တဲ့အခါ မကောင်းတဲ့နည်းနဲ့ ရယူဖို့ ကြံစည်တတ်ကြတာပါပဲ။ ဥပမာဆိုရမယ်ဆိုရင် ခပ်ဆိုးဆိုး ၉ တန်း ၁၀ တန်း ကျောင်းသားအများစုဟာ ပညာရေးဘက်မှာ ဆရာ/ဆရာမ၊ မိဘနဲ့ အတန်းဖော် သူငယ်ချင်းတွေကြား အလေးပေး ဂရုတစိုက် ဆက်ဆံမခံရတဲ့အခါ ကွမ်းစား၊ ဆေးလိပ်သောက်၊ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ ခပ်မိုက်မိုက်ပုံစံနေပြပြီး လေ့ရှိတတ်ကြပါတယ်။

ဒီလိုနေရတာကိုပဲ ဂုဏ်ယူစရာတစ်ခုလို သတ်မှတ်နေတတ်ကြပြီး “ငါကဘယ်ဆရာကိုမှ မကြောက်ဘူး ငါ့ဆို ကျောင်းအုပ်ကြီးတောင် လက်လန်တယ်” ဆိုတာမျိုးကို ဝင့်ကြွားစွာပြောဆိုပြီး ကျောင်းအုပ်ကတောင် လက်လန်တယ်ဆိုတဲ့ မကောင်းတဲ့နည်းနဲ့ အသိအမှတ်ပြုခံရမှု၊ မကောင်းတဲ့နည်းနဲ့ အများက စိတ်ဝင်စား အာရုံစိုက်ခံရမှုတွေကို ရယူကာ လမ်းမှားနေတာမျိုးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ကို သွားမေးတဲ့ရင်တော့ “ကျွန်တော်တို့က ဆရာတွေကို စာတော်တဲ့သူတွေလို ချစ်အောင်ဂရုစိုက်ခံရအောင် နုပြမနေတတ်ဘူး” ဆိုပြီး ဂရုအစိုက်မခံချင်တဲ့ ပုံစံမျိုးသာ ပြောပါလိမ့်မယ်။ ဒါဟာ အသိစိတ်က လက်မခံတာဖြစ်ပြီး မသိစိတ်ကတော့ လိုချင်မိနေတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူများကိုမနာလိုမှု၊ ကိုယ့်ကိုကိုယ် ညံ့တယ်ဆိုတာ လက်မခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

အများစု လွဲမှားစွာ မဟုတ်တာကို ဂုဏ်ယူပြောတတ်တဲ့ စကားတွေထဲမှာ အပြောအများဆုံးကတော့ “မင်းတို့ အခုဆိုးတယ်ဆိုတာ ငါတို့ကိုမမီသေးဘူး။ ငါတို့တုန်းက မင်းတို့ထက် ပိုဆိုးတာပေါ့” ဆိုတဲ့ အလုပ်၊ ကျောင်း၊ သင်တန်း စတဲ့နေရာအသီးသီးမှာ စီနီယာတွေရဲ့ ဂျူနီယာတွေအပေါ် ပြောနေကျ အစဉ်အလာ စကားကြီး ဖြစ်ပါတယ်။

ဒါကြောင့် လူတွေဟာ Attention Seekers တွေအဖြစ်ကို မသိစိတ်ရဲ့ တွန်းပို့မှုကနေ ရောက်သွားတတ်ပါတယ်။ အများအတွက်ဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး မိမိအကျိုးစီးပွား တစ်ခုခုကို ပုံဖော်နေမိပြီဆိုရင်တော့ မိမိဟာ အများအတွက်လုပ်နေတာ ဟုတ်သေးရဲ့လားဆိုတာ ပြန်သတိပြုပြီး ဆင်ခြင်သင့်ပါပြီ။

 

Cj (ရိုးရာလေး)

www.yoyarlay.com

#CJ_yyl #Article_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top