တကယ်လို့ ထမင်းမငတ်သေးဘူးဆိုရင် တစ်ခုခု စဉ်းစားပေးစေချင်ပါတယ်

poor-male-beggar-asking-for-charity-money-and-help-PCNTSB6.jpg

(၁)
ညနေခင်းမှာ ဘုန်းကြီးနဲ့ကလေးတွေ အလုပ်လုပ်နေတဲ့နေရာနား သွားကြည့်နေတုန်း ကျောင်းသူနှစ်ယောက် ပြေးလာတယ်။
‘ဘုန်းဘုန်းဘုရား၊ ကျောင်းထဲကို လူကြီး နှစ်ယောက်ဝင်လာတယ်။ သူတို့ဗိုက်ဆာတယ်။ ထမင်းစားချင်လို့ပါတဲ့ဘုရား’။
လမ်းစရိတ်ပြတ်လာလို့၊ ထမင်းစားဖို့ မရှိလို့ . . .ဆိုပြီး အခါတိုင်းမှာလည်း ကျောင်းထဲကို ဝင်ပြီး အကူအညီတောင်းသူတချို့ ရှိခဲ့ဖူးတယ်။ သိပ်အထူးအဆန်း မဟုတ်ပါဘူး။
ဒါပေမဲ့ ခုလို ဗိုင်းရပ်စ်ကာလကြီးမှာ ဘယ်ကမှန်းမသိ လူစိမ်းနှစ်ယောက်ဝင်လာတာကိုတော့
နည်းနည်းသတိထားဖို့ လိုတာပေါ့။
‘အေး၊ သမီး။ ဆရာ လာခဲ့မယ်’။
သူ့အနား ကျွန်တော် ရောက်သွားချိန်မှာ အသက် ၄ဝ ကျော်လောက်ရှိမယ့် လူတစ်ယောက်။
သူ့ကြည့်ရတာ မျက်နှာအောက်ချနဲ့ တော်တော်နွမ်းလျနေတဲ့ပုံ။
အသက် ၂၅၊ ၃ဝ ဝန်းကျင်လောက်ပဲ ရှိဦးမယ့်လူငယ်ကတော့ ရှက်လို့လားမသိဘူး။ ကျွန်တော်ရောက်တဲ့အချိန်မှာ
ကျောင်းပေါက်ဝကနေ စောင့်နေတယ်။
လူပုံက စုတ်စုတ်ပြတ်ပြတ်၊ Mask လည်း တပ်မထားဘူးဆိုတော့ သူ့အနားကို ကပ်သွားချိန်မှာ စိုးရိမ်စိတ်ဝင်လာတာတော့ အမှန်ပဲ။
ဒါနဲ့ အကျိုးအကြောင်း ဆက်ပြီး မေးရတော့တာပေါ့။

(၂)
ကျွန်တော့်ရှေ့တည့်တည့်ရောက်နေတဲ့ အစ်ကိုကို မေးကြည့်တော့ သူတို့နှစ်ယောက်က အောင်ပန်းမြို့ထဲ၊ ရပ်ကွက်တစ်ခုက လို့ပြောတယ်။
အဲဒီ ရပ်ကွက်ထဲမှာ နှစ်ယောက်ပေါင်းပြီး ဈေးပေါပေါ အိမ်ငှားနေတယ်။ ရပ်ကွက်တကာလှည့်ပြီး ပလတ်စတစ်ဗူးခွံတွေ၊ ခွက်တွေ လိုက်ကောက်ရင်း ထမင်းရှာစားတယ်။ လောလောဆယ် ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ် ခြိမ်းခြောက်မှုတွေ ဖြစ်လာချိန်မှာ ထမင်းစားစရာမရှိလို့ ဒီကျောင်းကိုလာပြီး ထမင်းတောင်းစားရတယ်ပေါ့။
‘ကျွန်တော်တို့ ဗိုက်ဆာလွန်းလို့ပါဗျာ။ လူဆိုးသူခိုး မဟုတ်ပါဘူး။
လောလောဆယ် ကျွန်တော့်ဆီမှာ ပလတ်စတစ်ဗူးခွံ အိတ် နှစ်ဆယ်လောက်တော့ ကောက်ပြီးသားရှိပါတယ်။ ဒါပေမဲ့ ရောဂါ တွေဖြစ်နေလို့ဆိုလားပဲ။ ဗူးခွံတွေသွားရောင်းတာကို အလုပ်ပိုင်ရှင် တွေက ကျွန်တော်တို့ကို အဝင်မခံဘူးဗျာ။ ဘယ်သူကမှ အဝင်မခံလို့ ဒုက္ခရောက်နေတာ။ ဒါကြောင့် ဗိုက်ဆာလွန်းလို့
ရောက်လာတာပါ’ . . .တဲ့။
နောက်ပြီး သူ့မှာ ဘာရောဂါမှ မရှိတဲ့အကြောင်းလည်း တဖွဖွတိုင်တည်ပြပါတယ်။
ဒါပေမဲ့ဗျာ။
ခုလို ကာလမျိုးမှာ ရပ်ကွက်တကာလှည့်၊ လမ်းကြိုလမ်းကြားသွား၊ အမှိုက်ပုံတကာဆွပြီး အမှိုက်ကောက်စားနေရတဲ့ သူတို့လို လူတွေကို ဘယ်သူက ကြည်ဖြူရွှင်သာနဲ့ လက်ခံချင်ကြမှာလဲ။
ထမင်းချက်စရာ ဆန်တစ်လုံးတောင်မရှိ၊ ထမင်းတစ်နပ်တောင် ချက်မစားနိုင်လို့ ပရဟိတကျောင်းကို ထမင်းလာတောင်း စားရတဲ့သူတို့အနေနဲ့ ဘယ်လိုလုပ် နှာခေါင်းစည်း၊ Mask ဝယ် တပ်နိုင်မှာလဲ။
တဖြည်းဖြည်းနဲ့ ကျွန်တော့်မှာ ရောဂါကူးမှာ စိုးရိမ်တဲ့စိတ်ထက် ထမင်းတစ်လုတ်အတွက် ယောကျ်ားချင်း လာပြီးအသနားခံနေရတဲ့ သူ့ကို သနားတဲ့စိတ်က ပိုကဲလာပါတော့တယ်။

(၃)
ကျွန်တော်တို့ရဲ့ ပညာဒါနပရဟိတကျောင်းက အောင်ပန်းမြို့နဲ့ နည်းနည်းလှမ်းတယ်။ ကား၊ ဆိုင်ကယ်နဲ့လာရင်တောင် ဆယ်မိနစ်လောက် မောင်းရသေးတယ်။ သူတို့လာတဲ့ ရပ်ကွက်က ကလောဘက်အထွက် နီးနေပြီဆိုတော့ ထမင်းတစ်ဆုပ်၊ ဟင်း တစ်မြှုပ်အတွက်နဲ့ အနည်းဆုံး နှစ်နာရီကျော်လောက်
လမ်းလျှောက်လာရတာ။ ဒီလူနှစ်ယောက်ရဲ့ ဒုက္ခ ဘယ်လောက်ကြီးလိုက်လဲဗျာ။ တွေးမိရင်းနဲ့ တကယ် စာနာမိလာတော့တာ။
အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ရောက်နေတာက သူတို့ နှစ်ယောက်ကို ထမင်းဝိုင်းပြင်ပြီး ကျွေးရမလား၊ ခေါ်မကျွေးဘဲ ပါဆယ်ပဲ ထုပ်ပေးလိုက်ရမလားဆိုတဲ့ကိစ္စပါ။
ကျောင်းထဲတောင် ရောက်ပြီးနေပြီပဲ။ ရောဂါလည်း ပါစရာရှိ ပါလာတော့မှာ။ မထူးပါဘူးလေလို့ တွေးမိလိုက်တယ်။
ဒါနဲ့ပဲ အန်တီနဲ့ ကျောင်းသူလေးတွေကိုခေါ်ပြီး ထမင်းပြင် ကျွေးဖို့ လုပ်ရတော့တယ်။
‘ကဲ . .ဟိုတစ်ယောက်ကိုပါ ခေါ်လိုက်။ ထမင်းပြင်လိုက်မယ်။ အဝစားသွားပေါ့။ နောက်တစ်ခါ ဗိုက်ဆာရင် ထပ်စားဖို့လည်း ပါဆယ်ပေးလိုက်မယ်’။
ကျွန်တော့်စိတ်ထဲကို စိုးရိမ်စိတ်အတွေးကို
ဒီအစ်ကို မြင်ပဲ မြင်သွား လို့များလား။
‘ကျွန်တော်တို့ကို ပန်းကန်ပြားနဲ့ ကျွေးမနေပါနဲ့။
ရပါတယ်။ ပါဆယ်ပဲ ထုပ်ပေးလိုက်ပါ’လို့ ပြောလာပါတယ်။

(၄)
သူတို့နှစ်ယောက်အတွက် ထမင်းထုပ်၊ ဟင်းတချို့နဲ့ အစပ် ကြော်တွေ များများ ပါဆယ်ထုပ်ပေးဖို့ သမီးတွေကိုပြောရင်း ခေါင်းထဲမှာ အတွေးတွေက ထပ်ပြီး ဝင်လာတယ်။
တခြားနိုင်ငံကြီးတွေမှာ ဒီဇင်ဘာလအကုန်မှာစ၊၊ ဇန်နဝါရီလောက် ကတည်းက ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ကြရပေမယ့် ကျွန်တော် တို့နိုင်ငံမှာတော့ အခုကျမှ ပိုးတွေ့လူနာစာရင်းက
တရိပ်ရိပ်တက်လို့ ကောင်းနေတုန်း။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေတောင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေ ဖြေရှင်းဖို့ ငြီးတွားနေရချိန်မှာ ဒီလောက် ဆင်းရဲတွင်းနက်နေတဲ့ ဒီနိုင်ငံမှာ လက်လုပ်လက်စားတွေ
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။
တချို့နေရာတွေမှာ ထမင်းငတ်တဲ့သူတွေ တကယ်ငတ်ကုန် ပြီဆိုတာ ခု ကျွန်တော့်ဆီကို ရောက်လာတဲ့
လူနှစ်ယောက်က သက်သေပဲ။
စားစရာမရှိ၊ သောက်စရာမရှိတဲ့ လူတွေရဲ့ခေါင်းထဲမှာ ကျန်း မာရေးအသိဆိုတာကရော ဘယ်လိုလုပ် ရှိနိုင်တော့မလဲ။
သူတို့ ကိုယ်သူတို့ ကူးစက်ရောဂါမဖြစ်အောင် ဘယ်လိုလုပ် ကာကွယ် နိုင်စွမ်းရှိပါတော့မလဲ။
တချို့နေရာတွေမှာ စီမံခန့်ခွဲမှုအလွဲနဲ့ တာဝန်ရှိသူတွေ
ဝေပေးတယ်ဆိုတဲ့ ဆန် ၈ ပြည်မျှော်လင့်ချက်ဆိုတာကလည်း ဆင်းရဲသားလူတန်းစားတွေအတွက် ထင်သလောက်
ခရီးရောက်ခဲ့ဟန် မတူပါဘူးဗျာ။
တွေးကြည့်ရင် တကယ်ကို ရင်လေးစရာကြီးပါ။
ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ တစ်လစာ၊ နှစ်လစာ ကြိုတင် စီမံမှုနဲ့ ဝယ်မထားနိုင်တဲ့ ဒီလိုမိသားစုဝင်တွေရဲ့ ဝမ်းရေးအပူကို ကျွန်တော်တို့ ဘယ်လိုဝိုင်းကူရင် အဆင်ပြေနိုင်မလဲ။
ခု သူတို့နှစ်ယောက်ဖြစ်နေတဲ့ပြဿနာဆိုရင် သူတို့လက်ထဲမှာ ရောင်းထုတ်စရာ ခွက်တွေ၊ ဗူးခွံတွေရှိရဲ့နဲ့ အဝယ်ဒိုင်တွေက လက်မခံလို့ ငတ်နေရတာလေ။ အခြေအနေတွေ ဒီထက်ပိုဆိုးလာရင် သူတို့ရဲ့တစ်နပ်စာ၊ တစ်ရက်စာဝမ်းရေးအတွက် တစ်နေ့လုပ် တစ်နေ့စားတွေ ဘယ်လိုဖြေရှင်းကြရမလဲ။
ခဏလေးအတွင်းမှာ မေးခွန်းတွေ တန်းစီပြီး ရှုပ်ထွေးနေပါတယ်။

(၅)
ထမင်းတစ်နပ်အတွက် နှစ်နာရီကျော်လောက် လမ်းလျှောက် လာရတဲ့ အမျိုးသားနှစ်ယောက်ကို ထမင်းတစ်ထုပ်၊ ဟင်းတစ် ထုပ်လောက်ပေးရုံနဲ့တော့ အားမရနိုင်ပါဘူး။
ညပိုင်းစားဖို့အပြင် နောက်ရက်တွေစားဖို့အတွက်ပါ ဆန်တစ်ပြည်၊ ဆားတစ်ထုပ်၊ ကျောင်းက မီးဖိုချောင်ထဲမှာရှိတဲ့ ခရမ်းချဉ်သီး၊ ခရမ်းသီးနဲ့ ဂေါ်ဖီထုပ်တချို့ကိုပါ ပါဆယ်ထုပ်ပေးလိုက်တယ်။
နောက် . . .လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေနဲ့ လူတွေ ဘယ်လောက်ထိ စိုးရိမ်သောက ရောက်နေရတဲ့အကြောင်းလည်း နည်းနည်းပါးပါး ရှင်းပြလိုက်သေးတယ်။
‘အခုက ကူးစက်ရောဂါကြောင့် အကုန်လုံး အိမ်ထဲမှာပဲ နေနေကြရတဲ့ကာလလေဗျာ။ ဒီလိုအချိန်မျိုးမှာ အစ်ကိုတို့က လမ်းတကာသွားပြီး ဗူးတွေ၊ ခွက်တွေ ကောက်နေကြတယ်ဆိုတော့ အချိန်မရွေး ရောဂါကူးနိုင်တယ်ဗျ။
တကယ်လို့ မကူးဘူးဆိုရင်လည်း အစ်ကိုတို့ကို ဘယ်သူကမှ သူတို့အိမ်ထဲ၊ ဆိုင်ထဲ အဝင်ခံချင်ကြမှာမဟုတ်ဘူးလေ။ အဲဒီတော့ ဖြစ်နိုင်ရင် နှာခေါင်းစည်းတပ်ပါ။ တကယ်လို့ တခြားအချိန်တွေမှာ မတပ်ချင်ရင်တောင် အစ်ကိုတို့ ပစ္စည်းတွေ သွားရောင်းဖို့ ဆိုင်တွေ၊ အဝယ်ဒိုင်တွေဆီသွားရင် နှာခေါင်းစည်းတပ်ထားရတယ်ဗျ။ သိလား’။
သူတို့နားလည်အောင် ရှင်းပြပြီး တကယ်လို့ mask မရှိရင် ပေးဖို့အတွက်ပါ စိတ်ကူးမိတယ်။
‘ခု အစ်ကိုတို့ ဝင်လာတာတောင် ကျွန်တော်တို့ ပရဟိတကျောင်းမလို့ ဒီလောက်ထိ လက်ခံပေးတာဗျ။ နှာခေါင်းစည်းမတပ်ဘဲနဲ့ ဝင်လာရင် ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး။ နှာခေါင်းစည်းရော ရှိကြရဲ့လား’။
‘ဟုတ်။ တစ်ခုစီတော့ ပါ,ပါတယ်ဗျ။ ထပ်ပြီး ဝယ်စရာမရှိလို့ သိမ်းထားကြတာပါ’တဲ့။
ကျွန်တော့်မှာ ထပ်ပြီး ပြောအား မရှိတော့။

(၆)
တစ်ဘက်က ထမင်းထုပ်၊ တစ်ဘက်က ဆန်ထုပ်လေးကို ပိုက်ပြီး နေဝင်စ ကျနေနဲ့အတူ ပရဟိတကျောင်းကနေ တအိအိ ထွက်သွားကြတဲ့ လူနှစ်ယောက်ရဲ့ ကျောကိုကြည့်ရင်း သက်ပြင်းတွေ ချမိတယ်။
တကယ်တမ်း ပြောရရင်ဗျာ။
ခုလိုမျိုး တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး ကပ်ဆိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးအတွက် အရေးအကြီးဆုံးက ကိုယ့်အ သက်လေးကို ဘယ်လိုရှင်သန်အောင် မွေးမြူရမလဲဆိုတဲ့ကိစ္စပါ။ အသက်ဆက်လက်ရှင်သန်ရေးကလွဲရင် ကျန်တာတွေ အရေးမကြီး သေးပါဘူး။
ဒီလို ဗိုင်းရပ်စ်ကာလမျိုးမှာ ကိုယ်လုပ်နေတဲ့လုပ်ငန်းရဲ့ အကျိုးအမြတ်တွေ ရပ်တန့်သွားလို့ သိန်းပေါင်းဘယ်လောက် ဆုံးရှုံးသွားရပြီဆိုပြီး နှမျောတသဖြစ်နေစရာအကြောင်းမရှိသလို ဘယ်ကမ်းခြေ၊ ဘယ်နေရာတွေသွားပြီး အပန်းဖြေခွင့်မရလို့ဆိုပြီး လည်း အာရုံနောက်နေရမယ့်အချိန်မဟုတ်ပါဘူး။
ခုလိုမျိုး ကပ်ဘေးသင့်အချိန်မှာ ကိုယ့်အိမ်သား ဝင်ငွေ မရှိလို့ နှိမ်ချင်ပြောချင်နေတဲ့ အိမ်ရှင်မတချို့၊ မိသားစု အနာဂတ်အတွက် လိုအပ်တာထက်ပိုပြီး ပူပန်ကြောင့်ကြနေတဲ့ လူတချို့ရှိနေမယ်ဆိုရင်လည်း ကိုယ့်ထက်ဆိုးတဲ့ဘဝတွေ ရှိနေ တယ်ဆိုပြီး ဖြေနိုင်ကြဖို့ပါ။
ဒီထက်ပိုပြီး တစ်ဆင့်တက်နိုင်ရင် ဒီနေ့ညနေပိုင်းတုန်းက ပရဟိတကျောင်းကို ထမင်းငတ်လို့ရောက်လာကြသူတွေလို လမ်းကြိုလမ်းကြား၊ လက်လုပ်လက်စား ဆင်းရဲသားတွေကို ကျွန်တော်တို့တွေ ရှိတဲ့အထဲကနေ ဘယ်လို မျှဝေပေးနိုင်မလဲ
စာနာ၊ ဖေးမပေးကြဖို့ပါ။
အနည်းဆုံးတော့ ကိုယ့်ရဲ့တစ်နေ့တာမှာ သောက်နေကျ ဘီယာတစ်လုံး လျှော့သောက်၊ စားနေကျ ဟင်းကောင်းတစ်ခွက် လျှော့စားပြီး ကိုယ့်ပတ်ဝန်းကျင်မှာ တကယ် လိုအပ်၊ တကယ် ငတ်မွတ်နေသူတွေကို တတ်နိုင်သမျှ ဝေငှပေးသွားနိုင်ကြရင်
ဒါဟာ ကပ်ဘေးကာလမှာ တကယ်လိုအပ်တဲ့ ကာလဒါနတစ်ခု ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့တွေ ထမင်းမငတ်သေးဘူးဆိုရင် တကယ် ထမင်းငတ်နေသူတွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာလေး နည်းနည်းလောက် စဉ်းစားပေးကြရအောင်ပါ။
ခု . .ကျွန်တော် ပြောပြနေတာ တကယ့်ဘဝတွေအကြောင်းပါဗျာ။

မိုးအောင်လင်းနိုင် (ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top