ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အိပ်ချ်အိုင်ဗွီဝေဒနာရှင်အချင်းချင်း ကျောက်ကပ်လှူဒါန်းပေးမှု

55810966_1302219599929783_3904177859643572224_n.jpg

နီနာမာတီနက်ဇ် ( Nina Martinez) ဟာ ကမ္ဘာမှာပထမဆုံး HIV ပိုးရှိလျက် ကျောက်ကပ်လှူဒါန်းပေးနိုင်သူ ဖြစ်လာခဲ့ပါပြီ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့က နီနာမာတီနက်ဇ် ( Nina Martinez) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကမ္ဘာမှာပထမဆုံး အိပ်ချ်အိုင်ဗွီပိုးရှိလျက် ကျောက်ကပ်လှူဒါန်းပေးနိုင်သူ ဖြစ်လာခဲ့ပါပြီ။ ဂျွန်ဟော့ပ်ကင်းစ်ဆေးရုံရဲ့ ခွဲစိတ်ဆရာဝန်တွေက သူ့ရဲ့ ကျောက်ကပ်ကို သူ့လို တခြား အိပ်ချ်အိုင်ဗွီဝေဒနာရှင်တစ်ဦးဆီ အစားထိုးပေးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အသက် (၃၆) နှစ်အရွယ် နီနာတစ်ယောက် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံခဲ့ရပုံကတော့ ဒီလိုပါ။ သူ့ကို မွေးပြီး ရက်သတ္တပတ် (၆) ပတ်သာရှိသေးတဲ့အရွယ်မှာ သူ့အတွက် သွေးလှူဘဏ်ကနေလက်ခံလိုက်တဲ့သွေးက ပိုးရှိ၊ မရှိ မစစ်ဆေးထားခဲ့တာကြောင့် ကူးစက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အိပ်ချ်အိုင်ဗွီပိုးက နီနာရဲ့ ကိုယ်ခံအားစနစ်ကို ပျက်စီးသွားစေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းအတွက် အဟန့်အတား ဖြစ်လာစေခဲ့ပါတယ်။

နီနာမာတီနက်ဇ် ( Nina Martinez) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကမ္ဘာမှာပထမဆုံး အိပ်ချ်အိုင်ဗွီပိုးရှိလျက် ကျောက်ကပ်လှူဒါန်းပေးနိုင်သူ ဖြစ်လာခဲ့ပါပြီ

အမေရိကန်မှာတော့ ၂၀၁၃ ခုနှစ်ထိ အိပ်ချ်အိုင်ဗွီဝေဒနာရှင်တစ်ဦးဆီက ကိုယ်တွင်းအင်္ဂါအလှူခံတာမျိုးကို ခွင့်မပြုထားခဲ့ပါဘူး။ အကြောင်းကတော့ အချက် (၂) ချက်ပေါ် အခြေခံပါတယ်။ ပထမအချက်က ကျောက်ကပ်လှူဒါန်းမယ် ဆိုရင်တောင် အိပ်ချ်အိုင်ဗွီပိုးက လှူဒါန်းမယ့်သူရဲ့ ကျောက်ကပ်ကို ထိခိုက်ပြီးသားဖြစ်သလို အိပ်ချ်အိုင်ဗွီဆေးဝါးတွေကလည်း ကျောက်ကပ်အတွက် အဆိပ်အတောက်ပါပဲ။ နောက်တစ်ချက်ကတော့ အိပ်ချ်အိုင်ဗွီဝေဒနာရှင်တွေက အသက်ရှည်ရှည် နေနိုင်လေလေ သွေးတိုး၊ ဆီးချို၊ နှလုံးစတာတွေကြောင့် ကျောက်ကပ် ပိုပျက်စီးလေလေမို့ ဖြစ်ပါတယ်။

နီနာကတော့ ကျောက်ကပ်အလှူရှင်တစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ အပြည့်အဝကိုက်ညီပါတယ်

အိပ်ချ်အိုင်ဗွီဝေဒနာရှင်တွေအတွက် ကိုယ်တွင်းအင်္ဂါလွှဲပြောင်းနိုင်မှု မူဝါဒတန်းတူဖြစ်ရေး (HOPE) ကိုတော့ ၂၀၁၃ နိုဝင်ဘာလက စတင် ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီမူဝါဒအရ သေဆုံးသွားတဲ့ အိပ်ချ်အိုင်ဗွီလူနာရှင်တွေကို ကိုယ်တွင်းအင်္ဂါ အလှူရှင်အဖြစ် ခွင့်ပြုထားပါတယ်။ အိပ်ချ်အိုင်ဗွီဝေဒနာရှင်တစ်ဦးကနေ တစ်ဦးဆီ ကိုယ်တွင်းအင်္ဂါ အစားထိုးလွှဲပြောင်းပေးမှုကိုတော့ ၂၀၁၆ မှာ စပြီးလုပ်ဆောင်ပေးခဲ့ပါတယ်။

နီနာရဲ့ ကျောက်ကပ်လှူဒါန်းမှုဖြစ်စဉ်က အိပ်ချ်အိုင်ဗွီပိုးရှိတယ်ဆိုတာ စိုးရိမ်ကြောက်ရွံနေရမယ့်အအခြေအနေ မဟုတ်ကြောင်း သူတို့တွေအားလုံးအတွက် သက်သေပြနိုင်ခဲ့ပါတယ်

နီနာကတော့ ကျောက်ကပ်အလှူရှင်တစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ အပြည့်အဝကိုက်ညီပါတယ်။ သူ့မှာ သွေးတိုး၊ ဆီးချို ဘာတစ်ခုမှမရှိဘဲ ကျန်းမာနေတဲ့အပြင် သူ့ကျောက်ကပ်အတွက် စိုးရိမ်ရတာဆိုလို့ အိပ်ချ်အိုင်ဗွီပိုးပဲ ရှိပါတယ်။ ကျန်းမာရေး လေ့လာလိုက်စားသူတစ်ယောက်ဖြစ်သလို ကားမရှိတဲ့အတွက် လမ်းများများလျှောက်တယ်လို့ နီနာက ဆိုပါတယ်။ ဒါ့အပြင် မာရသွန်ပြေးပွဲတွေမှာလည်း ပါဝင်ဆင်နွှဲတဲ့အကျိုးတွေကြောင့် ခုလို ကျန်းမာနေတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အိပ်ချ်အိုင်ဗွီပိုးနဲ့အသက်ရှင်နေထိုင်နေသူဦးရေ (၁) သန်း ကျော် ရှိပါတယ်။ နီနာရဲ့ ကျောက်ကပ်လှူဒါန်းမှုဖြစ်စဉ်က အိပ်ချ်အိုင်ဗွီပိုးရှိတယ်ဆိုတာ စိုးရိမ်ကြောက်ရွံနေရမယ့် အအခြေအနေ မဟုတ်ကြောင်း သူတို့တွေအားလုံးအတွက် သက်သေပြနိုင်ခဲ့ပါတယ်။ ခွဲစိပ်ကုသမှုကို အဆုံးထိလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ခွဲစိပ်အစားထိုးမှုလုပ်ငန်းစဉ်က (၉ )လလောက် ကြာခဲ့ပါတယ်။ နီနာကတော့ သူ့ရဲ့ လှူဒါန်းမှုဟာ အိပ်ချ်အိုင်ဗွီဝေဒနာရှင်တွေအားလုံးအတွက် အသက်ရှင်လျက် ကိုယ်အင်္ဂါလှူဒါန်းနိုင်သူတွေ ဖြစ်လာအောင် တိုက်တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Ref: CNN “In world first, HIV-positive woman donates kidney to HIV-positive recipient”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top