ကမ်းတင်သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ရဲ့ဗိုက်ထဲကနေ ပေါင် (၂၂၀) ရှိတဲ့ ပလတ်စတစ်အမှိုက်တွေတွေ့ရှိ

yyl-013-2.jpg

ပလတ်စတစ်သုံးစွဲမှုက ပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ပင်လယ်ထဲမှာရှိနေတဲ့ သတ္တဝါတွေကိုလည်း အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာကို ဒီအကြောင်းအရာလေးက ထပ်ပြီး သက်သေပြနေပါတယ်။ ဒီအကြောင်းအရာလေးကတော့ ဝမ်းဗိုက်ထဲမှာ ပေါင် (၂၂၀) ရှိတဲ့ ပလတ်စတစ်အမှိုက်တွေနဲ့ ပြည့်နေတဲ့ စပန်းဝေလငါးကြီး သေဆုံးနေတာကို စကော့တလန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေတစ်ခုမှာ တွေ့ခဲ့ရတယ်ဆိုတာပါပဲ။

အဲဒီဝေလငါးကို ပြီးခဲ့တဲ့စနေနေ့က Luskentyre ကမ်းခြေမှာ တွေ့ခဲ့ရတာဖြစ်ပြီး Scottish Marine Animal Strandings Scheme (SMASS) က အလုပ်သမားတွေ ရောက်သွားတော့ အဲဒီဝေလငါး သေဆုံးနေတာ (၄၈) နာရီရှိနေပါပြီ။

ဝေလငါးရဲ့ဝမ်းဗိုက်ကို ဖွင့်ကြည့်တဲ့အခါမှာ ပလတ်စတစ်ခွက်တွေ၊ လက်အိတ်တွေ၊ ပိုက်ကြိုးတွေ၊ ငါးဖမ်းကွန်အပါအဝင် ပလတ်စတစ်အမှိုက် အထွေးလိုက်ကြီးကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီအမှိုက်တွေက ဝေလငါးရဲ့ဝမ်းဗိုက်ထဲမှာ ဧရာမဘောလုံးကြီးလို ဖြစ်နေပြီး အဲဒီထဲက တချို့အမှိုက်တွေက မျိုချထားတာမကြာသေးတဲ့ ပုံရတယ်လို့ SMASS က ဆိုပါတယ်။ ဒီအမှိုက်တွေကြောင့် ဝေလငါးသေဆုံးရတာလား ဆိုတာကိုတော့ မသေချာဘူးလို့ ပြောပါတယ်။

“ဝမ်းဗိုက်ထဲက ဒီပလတ်စတစ်ပမာဏက ဆိုးဆိုးရွားရွားပါပဲ။ အမှိုက်သရိုက်တွေနဲ့ စွန့်ပစ်ငါးဖမ်းကိရိယာတွေက ပင်လယ်နေသတ္တဝါတွေရဲ့ဘဝကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်” လို့ အဲဒီအဖွဲ့အစည်းက ပြောခဲ့ပါတယ်။ တန်ချိန် (၂၀) ရှိတဲ့ဝေလငါးကို သယ်ယူဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် ခွဲစိပ်စစ်ဆေးမှုကိုတော့ ကမ်းခြေပေါ်မှာပဲ လုပ်ဆောင်ခဲ့ရပါတယ်။ ဝေလငါးကို ခွဲစိပ်စစ်ဆေးပြီးသွားတော့ မြှပ်နှံပေးခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ သမုဒ္ဒရာတွေထဲမှာ ပလတ်စတစ်အမှိုက်တွေ များများလာတာနဲ့အမျှ ပင်လယ်နေသတ္တဝါရဲ့ဝမ်းဗိုက်ထဲမှာ အမှိုက်တွေတွေ့ရှိနေရပါတယ်။ မတ်လတုန်းက ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပလတ်စတစ်အမှိုက် (၈၈) ပေါင်ကိုတွေ့ရှိခဲ့ရသလို ဧပြီလကလည်း အီတလီနိုင်ငံမှာ ကမ်းတင်နေတဲ့ ကိုယ်ဝန်နဲ့ဝေလငါးရဲ့ ဗိုက်ထဲကနေလည်း ပလတ်စတစ်အမှိုက် ပေါင် (၅၀) ကို တွေ့ရှိခဲ့ရပါတယ်။

Ref: ABCNews “Sperm whale found dead on Scotland beach with 220 pounds of trash in stomach”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top