F4 မင်းသမီး ဘာဘီဆု ကွယ်လွန်ခြင်း ၁ နှစ်ပြည့်မှာ အမှတ်တရရုပ်တုဖွင့်လှစ်ပြသ

f4.jpg

ဖေဖော်ဝါရီ ၂ ရက်နေ့ဟာ ထိုင်ဝမ် F4 မင်းသမီးဘာဘီဆု ကွယ်လွန်ခြင်း ၁ နှစ်ပြည့်ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ဘာဘီဆုရဲ့အမှတ်တရရုပ်တု ဖွင့်လှစ်ပြသဖို့အတွက် Chin Pao San သုဿန်ရှိ သူ့ရဲ့အုတ်ဂူမှာ သူ့သူငယ်ချင်းမိတ်ဆွေ‌တွေနဲ့ မိသားစုတွေစုဝေးခဲ့ကြပါတယ်။

မိုးသည်းထန်စွာရွာသွန်းနေပေမဲ့ ရုပ်တုဖွင့်လှစ်ပြသခြင်းအခမ်းအနားကို နေ့ခင်း ၂ နာရီဝန်းကျင်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီရုပ်တုကို ဘာဘီဆုရဲ့ခင်ပွန်းဖြစ်သူ DJ Koo Jun Yup က ဒီဇိုင်းဖန်တီးခဲ့တာပါ။ DJ Koo က ယောက္ခမဖြစ်သူကို လက်တွဲပြီး သုဿန်ကို လာရောက်ခဲ့ပါတယ်။

ဘာဘီဆုရဲ့ညီမဖြစ်သူ ဒီးဆုကလည်း သူ့ခင်ပွန်းနဲ့အတူ ဒီအခမ်းအနားမှာ ရှိနေခဲ့ပါတယ်။ ဖျော်ဖြေရေးနယ်ပယ်က Jerry Yan၊ Vic Chou၊ Rainie Yang၊ Blackie Chenနဲ့ သူ့ဇနီး၊ SuperJunior အဖွဲ့ဝင် Choi Siwon အပါအဝင် ရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေကလည်း တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားစတင်တဲ့အချိန်မှာ နောက်ခံသီချင်းအနေနဲ့ ဘာဘီဆု ကိုယ်တိုင်ရေးစပ်ထားပြီး ဘာဘီဆုနဲ့ သူ့ညီမ ဒီးဆုတို့သီချင်းထားတဲ့ ” Sisters’ Deep Affection ” ကို ဖွင့်ထားပါတယ်။

မိသားစုဝင်တွေက ရုပ်တုကို ဖွင့်လှစ်ပြသခဲ့ပါတယ်။ ဘာဘီဆုရဲ့ရုပ်တုဟာဆိုရင် ဆံပင်မှာ ဖဲကြိုးနဲ့စည်းကာ လက်နှစ်ဖက်ကို ရင်ဘတ်နားကပ်ပြီး ညင်သာစွာဆုပ်ကိုင်ထားတဲ့ ဆံပင်ရှည်နဲ့ မိန်းကလေးငယ်တစ်ယောက်အဖြစ် ပုံဖော်ထားပါတယ်။ ရုပ်တုက မျက်လုံးမှိတ်ထားပေမဲ့ သူ့ရဲ့ပုံစံက စိတ်အေးချမ်းနေသလိုပါပဲ။

ဒီးဆုက အခမ်းအနားကို ဦးစီးကျင်းပပေးခဲ့ပြီး သူ့ဘေးမှာ ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေ၊ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။

Ref: Barbie Hsu’s Memorial Statue Unveiled As Family & Friends Mark First Death Anniversary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top