စတန်းဖို့ဒ်တက္ကသိုလ်ကနေ ကျောင်းထွက်လာတဲ့ လူငယ် ၂ယောက်ရဲ့ ဒေါ်လာ သန်း ၉၀၀ တန်ကုမ္ပဏီ

6-5-2022-yyl05.jpg

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကမ္ဘာကျော် စတန်းဖို့ဒ်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ် သင်ယူနေတဲ့ လူငယ်လေး ၂ ယောက် ကျောင်းထွက်ပြီး အိန္ဒိယကို ပြန်လာတယ်။ လုပ်ငန်းတစ်ခု တည်ထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ အဲဒီအချိန်မှာ အေဒစ်ပါလီချာနဲ့ ဗိုရာတို့က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၂၀၂၀ ဇွန်လမှာ သူတို့က ၄၅ မိနစ်နဲ့ အိမ်အရောက် ပစ္စည်းပို့ပေးမယ့် kiranakart ပလက်ဖောင်းကို ထောင်ခဲ့တယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကန့်သတ်တားဆီးမှုတွေ ကြုံရလို့ ကုန်ခြောက်ပစ္စည်းတွေ မှာယူတဲ့အခါ ရက်နဲ့ချီ ကြာမြင့်ခဲ့ရာကနေ kiranakart ကို တည်ထောင်ဖို့ သူတို့ အကြံရခဲ့တာပါ။ ကုန်တိုက်က ပစ္စည်းတွေကို သူတို့ပလက်ဖောင်းပေါ် တင်မယ်၊ မှာတဲ့သူရှိရင် ကုန်တိုက်ကနေ သွားယူပြီး ပစ္စည်းပို့ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ ဒါပေမဲ့ kiranakart အတွက် ရန်ပုံငွေရှာတဲ့အခါ စိတ်ဝင်စားမှု သိပ်မရခဲ့ဘူး၊ ဒေါ်လာ ၇ သိန်း ၃ သောင်းပဲ ရတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာတော့ kiranakart ကို ပိတ်လိုက်တယ်။

နောက် ၁ လအကြာမှာပဲ ကုန်ခြောက်ပစ္စည်းတွေကို ၁၀ မိနစ်အတွင်း အိမ်အရောက်ပို့ပေးမယ့် Zepto ကို စတင်ခဲ့တယ်။ Zepto ဆိုတာ အချိန်ရဲ့ အသေးငယ်ဆုံးယူနစ် အမည်ပါ။ Zepto ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ခရီးဆက်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုလည်း တော်တော်ရခဲ့တယ်။

အိန္ဒိယရဲ့ quick commerce ဈေးကွက်ထဲမှာ တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ပြိုင်ဖိုက်ရပေမဲ့ ၉ လအတွင်းမှာပဲ Zepto က အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန် ကုမ္ပဏီ ဖြစ်လာခဲ့တယ်။ (အခုနောက်ဆုံး ရန်ပုံငွေရှာဖွေမှုမှာ ဆီလီကွန်တောင်ကြားနဲ့ အိန္ဒိယရင်းနှီးမြှုပ်နှံသူတွေက Zepto အတွက် ဒေါ်လာသန်း ၂၀၀ မြှုပ်နှံခဲ့ကြတာပါ)။ Zepto ရဲ့ ပြိုင်ဘက်တွေထဲမှာ ဂူဂဲလ်က ရင်းနှီးမြှုပ်နှံထားတဲ့ Dunzo ၊ SoftBank Group က ရင်းနှီးမြှုပ်နှံထားတဲ့ Blinkit ၊ Naspers Ltd က ရင်းနှီးမြှုပ်နှံထားတဲ့ Swiggy တို့ ပါတယ်။ Swiggy ဆိုရင် အိန္ဒိယရဲ့ အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတွေထဲမှာ တန်ဖိုးအကြီးဆုံးကုမ္ပဏီပဲ။

မွမ်ဘိုင်းမှာ စတင်ခဲ့တဲ့ Zepto ရဲ့ ၁၀ မိနစ် အရောက်ပို့ ဝန်ဆောင်မှုကို ဒီနေ့အချိန်မှာတော့ အိန္ဒိယရဲ့ မြို့ ၁၁ မြို့မှာ ရရှိနေပြီး နေ့စဉ်နေ့တိုင်း အော်ဒါသိန်းချီ ပို့ဆောင်နေရပါတယ်။ လာမယ့်တစ်နှစ်အတွင်း နောက်ထပ်မြို့ ၁၂ မြို့ကနေ မြို့ ၂၀ အထိ ဝန်ဆောင်မှု တိုးချဲ့ဖို့ ရှိနေပြီး ကုန်ပစ္စည်းသိုလှောင်တဲ့စတိုး (dark store) ရာနဲ့ချီ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ မွမ်ဘိုင်းမြို့မှာ သတ်မှတ်နေရာတချို့မှာ ကော်ဖီ၊ လက်ဘက်ရည်နဲ့ စားစရာတချို့ကို ၁၀ မိနစ်အတွင်း အိမ်အရောက် ပို့ပေးမယ့် Zepto Cafe ဝန်ဆောင်မှုကိုလည်း စတင်စမ်းသပ်နေပါပြီ။

အခုနောက်ဆုံး ၃ လပတ်မှာ Zepto ရဲ့ ဝင်ငွေက ၈၀၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အော်ဒါတစ်ခေါက်အတွက် ကုန်ကျစရိတ်ကိုလည်း ၅ ဆလောက် လျှော့ချနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဝန်ထမ်းအင်အား ၁၀၀၀ ကျော်ရှိပြီး အခုနှစ်ကုန်ရင်တော့ ဝန်ထမ်းအင်အား ၂၀၀၀ အထိ တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။ Zepto ရဲ့ နှစ်စဉ်ဝင်ငွေက ဒေါ်လာသန်း ၂၀၀ ကနေ သန်း ၄၀၀ ကြား ရှိနေပြီး လာမယ့်နှစ် မတ်လကုန် ၃ လပတ်မှာ အနည်းဆုံး ဒေါ်လာ ၁ ဘီလျံအထိ ရှိလာဖို့ မျှော်မှန်းနေပါတယ်။

Ref: Bloomberg & Businesstoday

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top