ဥရောပ နာမည်ကြီးဇာတ်ကား ၂၁ ကားကို အခမဲ့ကြည့်ရှုနိုင်မယ့် ရုပ်ရှင်ပွဲတော်

yyl11919004.jpg

မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံခြားရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့အပြင် ဥရောပ ၁၆ နိုင်ငံက နာမည်ကြီးဇာတ်ကားပေါင်း ၂၁ ကားကို ရုံဝင်ကြေးအခမဲ့နဲ့ ကြည့်ရှုနိုင်မယ့် ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။


မန္တလေးမှာ ရုပ်ရှင်ကား ၉ ကားကို မင်္ဂလာရုပ်ရှင်ရုံ စင်ထရယ်ပွိုင့်မှာ စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက် အထိ ပြသသွားမှာဖြစ်ပြီး ရန်ကုန်မှာ ရုပ်ရှင်ကား ၂၁ ကားလုံးကို နေပြည်တော်ရုပ်ရှင်ရုံနဲ့ ကမ္ဘာအေးဘုရားလမ်း ပေါ်က Goethe Villa တို့မှာ စက်တင်ဘာ၂၀ ရက်ကနေ ၂၉ ရက်အထိ ပြသသွားမှာ ဖြစ်ပါတယ်။


”မြန်မာနိုင်ငံသားတွေကို ဥရောပနိုင်ငံအချင်းချင်း ကူးလူးဆက်နွယ်နေတဲ့ ခံယူချက်တွေ၊ အကြောင်းအရာ တွေနဲ့ အနုပညာတွေကို ဖန်သားပြင်ပေါ်ကနေတစ်ဆင့် ဥရောပကလူတွေရဲ့ လူနေမှုဘဝတွေကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်ပါတယ်”လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Kristian Schmidt က ပြောပါတယ်။
အခုကျင်းပတဲ့ ၂၈ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေဟာ ဟာသ၊ ဒရမ်မာ၊ မှတ်တမ်းရုပ်ရှင်၊ ကလေးတွေအတွက်ရုပ်ရှင်အထိ အမျိုးအစားအစုံအလင် ပါဝင်မှာဖြစ်ပြီး ရုပ်ရှင် လက်မှတ်တွေကို ပွဲမစမီ ၁၅ မိနစ်အလိုထိ ဦးရာလူစနစ်နဲ့ အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။


ပွဲတော်မှာ ပြသမယ့် ၂၁ ကားထဲမှာ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ဆုသုံးဆု၊ ကိန်းရုပ်ရှင်ပွဲတော်၊ Goya Awards, European Film Awards, National Board of Review, the New York Film Critics Cirle တို့က ချီးမြှင့်တဲ့ ဆုတွေကိုရရှိထားတဲ့ ”Cold War” ဇာတ်ကားလည်း ပါဝင်မှာ ဖြစ်ပါတယ်။
”ဥရောပရုပ်ရှင်ဇာတ်ကားကောင်းတွေကို တစ်နေရာထဲမှာ ကြည့်ခွင့်ရမယ့်အပြင် ဥရောပရုပ်ရှင်စတိုင် တွေနဲ့ ဇာတ်လမ်းပုံသဏ္ဏာန် ကွဲပြားခြားနားမှုတွေကိုလည်း လေ့လာခွင့်ရမယ့်အတွက် အင်မတန်အကျိုးရှိပါတယ်” လို့ မြန်မာလူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဥရောပရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကနေဦးဆောင်ပြီးတော့ Goethe Institut Myanmar ၊ ပြင်သစ်ယဉ်ကျေးမှုဌာန(Institut Francais de Birmanie)တို့ ပူးပေါင်းစီစဉ်တဲ့ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်ပါတယ်။
ပွဲတော်မှာ ရုံတင်ပြသမယ့် ဇာတ်ကားစာရင်း
Cold War(ပိုလန်)၊ Our Struggles(ဘယ်လ်ဂျီယံ)၊ Tiger Theory(ချက်ရီပတ်ဗလစ်)၊ A Fortunate Man(ဒိန်းမတ်)၊ The Human Part(ဖင်လန်)၊ Jill, Joy and the Sleeping Clock(ဖင်လန်)၊ Sink or Swim (ပြင်သစ်)၊ Western(ဂျာမနီ)၊ Puskas Hungary(ဟန်ဂေရီ)၊ Laces(အစ္စရေး)၊ Abulele(အစ္စရေး)၊ La Pazza Gioia(Like Crazy)(အီတလီ)၊ Tadas Blinda – Pradzia(Fireheart – The Legend of Tadas Blinda) (လစ်သူရေးနီးယား)၊ Tulipani: Love, Honor and a Bicycle(နယ်သာလန်)၊ Kon-Tiki(နော်ဝေ)၊ Sami Blood (ဆွီဒင်)၊ Der Kreis(ဆွစ်ဇာလန်)၊ David Attenborough’s Natural History Museum Alive(ဗြိတိန်)၊ And Bloody Milk, King of the Belgians, The Distant Barking of Dogs(အီးယူ)
Photo – European Film Festival Myanmar
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top