မက်ဆီနဲ့ ရော်နယ်ဒိုကို ညစာလာစားဖို့ဖိတ်ခေါ်တဲ့ လစ်သူယေးနီးယားနိုင်ငံသူရဲ့ အနုပညာလက်ရာ

yyl11919005-1.jpg

မက်ဆီနဲ့ သူ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တစ်ချိန်ချိန်ကျရင် ညစာအတူတူစားခွင့်ရဖို့ မျှော်လင့်တယ်လို့ ရော်နယ်ဒိုက ပြောခဲ့ဖူးပါတယ်။ သြဂုတ်လ (၂၉) ရက်နေ့က ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပခဲ့တဲ့ ဥရောပတစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲအခမ်းအနားနဲ့ ချန်ပီယံလိဂ်မဲခွဲပွဲမှာ ရော်နယ်ဒိုက အဲဒီလိုပြောခဲ့တာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း စံချိန်မှတ်တမ်းတွေ ချိုးဖျက်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ ယောက် ညစာအတူစားမယ့်အချိန်ကို ပရိသတ်တွေ မျှော်လင့်နေကြမှာ သေချာပါတယ်။ လစ်သူယေးနီးယား အနုပညာရှင်တစ်ဦးကတော့ အစားအစာတွေ၊ စားသောက်ဆိုင်သုံး ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ရော်နယ်ဒိုနဲ့ မက်ဆီ ညစာအတူစားနေတဲ့ပုံစံ ဖန်တီးပုံဖော်ခဲ့ပါတယ်။

အလျား ၈ မီတာ၊ အနံ ၃ မီတာကျယ်ဝန်းတဲ့ အနုပညာလက်ရာ ဖန်တီးဖို့အတွက် ဂျိုလီတာက ၂၇ နာရီကြာ အချိန်ယူခဲ့ပါတယ်။
သူဟာ ခရုကမာ၊ ပုစွန်ဆိတ်၊ စပျစ်သီး၊ အချိုပွဲ၊ အချိုရည် အစရှိတဲ့ ပစ္စည်းကိရိယာ ၆၅၈ ခုကို အသုံးပြုခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီနီယက်စ်မြို့တစ်ဝန်းက
စတိုးဆိုင် (၁၇) ဆိုင်ကနေ စုဆောင်းခဲ့တာပါ။

”ရော်နယ်ဒိုရဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဗီနီယက်စ်မြို့က သက်ရှိထင်ရှား ဘောလုံးနတ်ဘုရား ၂ ပါးကြားမှာ ကြားဝင်ညှိနှိုင်းပေးပြီး ကျွန်မတို့မြို့ရဲ့ ထိပ်တန်းစားသောက်ဆိုင်တစ်ဆိုင်မှာ ညစာကျွေးရအောင် ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိပ်တန်းအဆင့် စားသောက်ဆိုင် ၁၀ ဆိုင်က သူတို့စားဖိုမှူးတွေရဲ့ အကောင်းဆုံးလက်ရာတွေကို လာရောက်မြည်းစမ်းကြဖို့ အထူးဧည့်သည်တော် ၂ ယောက်ကို ဖိတ်ခေါ်ထားပါတယ်။ သူတို့ ၂ ယောက်အတွက် စားသောက်ဆိုင်ရွေးချယ်စရာ များများစားစားရှိစေဖို့အတွက် စားသောက်ဆိုင် ၁၀ ဆိုင်လုံးမှာ ”ရော်နယ်ဒိုနဲ့ မက်ဆီ” စားပွဲဝိုင်းတစ်ဝိုင်းစီ သီးသန့်ချန်ထားပေးပါတယ်။ အဲဒါကြောင့်ပဲ ဖိတ်ခေါ်မှုလုပ်ဖို့အတွက် အနုပညာလက်ရာ ဖန်တီးရာမှာ စားသောက်ဖွယ်ရာတွေ၊ ဖန်ခွက်တွေ၊ စားပွဲတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာပါ”လို့ ဂျိုလီတာက ပြောပါတယ်။

သူ့ရဲ့ဖန်တီးမှုကို မက်ဆီနဲ့ ရော်နယ်ဒို မြင်တွေ့ပြီး ဗီနီယက်စ်မြို့မှာ ညစာလာစားဖို့ ဖိတ်ခေါ်တာကို လက်ခံလိမ့်မယ်လို့ ဂျိုလီတာက မျှော်လင့်နေပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top