နာတာရှည်ဆေးရုံအတွက် မိုးကာတဲထဲမှာပဲ ရက်ပေါင်း (၂၀၀) ကျော်နေရင်း ရန်ပုံငွေရှာပေးနေတဲ့ ကလေးလေး

22-10-2020-yyl-008.jpg

အသက် (၁၀) နှစ်အရွယ် မက်စ် ဝူဆေး (Max Woosey) ဆိုတဲ့ ကလေးလေးဟာ ပရဟိတအတွက် ရက်ပေါင်း (၂၀၀) ကျော် မိုးကာအိမ်ထဲမှာ အိပ်စက်ရင်းနဲ့ ရန်ပုံငွေ ပေါင် ၇၅,၀၀၀ ကျော် ရှာပေးနိုင်ခဲ့ပါတယ်။ မက်စ်ဟာ မတ်လမှာ စပြီး Lockdown ချကတည်းက သူ့ရဲ့ဥယျာဉ်ထဲမှာ မိုးကာတဲထိုးပြီး ကပ်ရောဂါပြီးဆုံးတဲ့အထိ မိုးကာတဲထဲမှာပဲ အိပ်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ သူ့ကို တဲအိမ်ပေးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့အိမ်နီးနားချင်းသူငယ်ချင်း အသက် (၇၄) နှစ်အရွယ် ရစ်ခ်ကြောင့် အခုလိုလုပ်ဖြစ်ခဲ့တာပါ။

ရစ်ခ်က သူ့ မသေဆုံးခင်မှာ မက်စ်ကို “ဒါလေးနဲ့ စွန့်စားစရာတစ်ခုခုလုပ်မယ်လို့ ငါ့ကို ကတိပေးပါ” လို့ ပြောရင်းနဲ့ သူ့ရဲ့မိုးကာတဲလေးကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ တဲအိမ်ထဲမှာ ရက်ပေါင်း (၂၀၀) ကျော် ညတိုင်းအိပ်ရင်းနဲ့ အခုဆိုရင် ရစ်ခ်နဲ့ သူ့ဇနီးတို့ကို နောက်ဆုံးအချိန်အထိ စောင့်ရှောက်ပေးခဲ့တဲ့ နာတာရှည်ဆေးရုံအတွက် ပေါင် (၇၅,၀၀၀) ရှာပေးနိုင်ခဲ့ပါပြီ။ သူ့ရဲ့အိမ်နီးချင်းသူငယ်ချင်းနဲ့ပတ်သက်ပြီး မက်ခ်က “သူက အံ့သြစရာကောင်းတဲ့သူပါ။ သူ့ကို ကျွန်တော် မြင်ခဲ့တဲ့အချိန်က သူ ရတ်ဂ်ဘီကစားနည်းကို ကြည့်နေတာပါ။ ကျွန်တော်တို့ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တယ်” လို့ ဆိုပါတယ်။

သူ့ရဲ့ JustGiving ပေ့ချ်နဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော့်ရဲ့သူငယ်ချင်းကို သူ့နဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေနားမှာပဲ အေးအေးချမ်းချမ်းသေဆုံးခွင့်ပေးခဲ့တဲ့၊ စောင့်ရှောက်ပေးခဲ့တဲ့ North Devon နာတာရှည်ဆေးရုံအတွက် ရန်ပုံငွေရှာပေးနေခဲ့တာပါ။ ဆေးရုံက ရန်ပုံငွေကောက်ခံမှုအများစုကို COVID-19 ကြောင့် ရပ်ဆိုင်းထားရပါတယ်။ ဒါကြောင့် ဆေးရုံက ရန်ပုံငွေလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

နာတာရှည်ဆေးရုံရဲ့ဥက္ကဌ စတီဖန် ရောဘတ်က မက်ခ်ကို နာတာရှည်ဆေးရုံရဲ့ဟီးရိုးအဖြစ် သတ်မှတ်ထားပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်က နာတာရှည်ဆေးရုံအတွက် ကံဆိုးမိုးမှောင်ကျစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေကို လိုအပ်နေတဲ့သူတွေ မြှင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရန်ပုံငွေရှာလို့မရခဲ့ပါဘူး။ ဒါကြောင့် မက်စ် ရှာပေးခဲ့တဲ့ ငွေတွေက လူတော်တော်များများရဲ့ဘဝတွေကို ကြီးကြီးမားမားပြောင်းလဲမှုတွေဖြစ်စေမှာပါ။ ရက်ရက်ရောရောနဲ့ လှူဒါန်းပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒီရန်ပုံငွေက လိုအပ်နေတဲ့သူတွေကို ကျွန်တော်တို့ ဆက်လက်စောင့်ရှောက်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်” လို့ ပြောပါတယ်။ မက်စ်က မိုးကာတဲထဲမှာ ရက်ပေါင်း (၂၀၀) နေပြီးတဲ့နောက်မှာ တစ်နှစ်လုံးနေဖို့ ဆုံးဖြတ်ထားပါတယ်။

Ref: Metro “Boy, 10, raises £75,000 by sleeping outside for 200 days in memory of friend”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top