ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

22-10-2020-yyl-007.jpg

ကိုဗစ် ကူးစက်ခံလူနာများ တစ်နေ့ထက်တစ်နေ့ များပြားလာတာနှင့်အမျှ ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကို စိုးရိမ်တကြီးကာကွယ်ကြရပါတယ်။ ကိုဗစ်မကူးစက်စေဖို့အတွက် ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးတဲ့အတွက် ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်တွေကိုလည်း နေ့စဉ်သောက်လာကြပါတယ်။ ဒါကြောင့် အခုကာလမှာ ဗီတာမင်ဒီ ဟာလည်း ရေပန်းစားလာရတာဖြစ်ပါတယ်။

ဗီတာမင်ဒီလို့ဆိုတဲ့ နေရာမှာ D2 ကို အပင်များမှရရှိနိုင်ပြီး D3ကိုတော့ လူ့အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ ကို ဘာလို့ ကိုယ်ခန္ဓာက လိုအပ်လေ့ရှိသလဲ

ဗီတာမင်ဒီဟာ အရိုး၊ သွားနဲ့ ကြွက်သားများ ကြံ့ခိုင်သန်မာဖို့အတွက် လိုအပ်လှပါတယ်။ နောက်ပြီး ကိုယ်ခံအားကို တက်စေနိုင်တာမို့ ရောဂါပိုးတွေ မဝင်ရောက်စေဖို့ တားဆီးပေးနိုင်ပါသေးတယ်။ လေ့လာချက်များအရ ဗီတာမင်ဒီ လုံလောက်စွာရှိနေပါက အအေးမိခြင်းနဲ့ တုပ်ကွေးတွေကို ကာကွယ်နိုင်သော်လည်း အဆုတ်ပိုးဝင်ခြင်းတွေကို ကာကွယ်ခြင်းနဲ့ ကုသခြင်းတွေမှာတော့ ကောင်းမွန်တဲ့ထိရောက်မှုမျိူးကို သက်သေမပြနိုင်သေးဘူးလို့ ဆိုပါတယ်။

ဗီတာမင်ဒီက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သလား

ကမ္ဘာ့ပညာရှင်များရဲ့ လက်ရှိအချိန်အထိ လေ့လာချက်များအရတော့ ဗီတာမင်ဒီသောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်၊ ပျောက်ကင်းအောင်ကုသနိုင်တယ်ဆိုပြီး သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း ဒီလိုကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတွေအနေနဲ့ တတ်နိုင်သမျှ အာဟာရဓာတ်တွေပြည့်ဝနေခြင်းဖြင့် အထိုက်အလျောက်ကာကွယ်နိုင်မယ်လို့ ကျွမ်းကျင်သူများက ယူဆကြပါတယ်။

အချိူ့သော သုတေသနပညာရှင်များကတော့ ဗီတာမင်ဒီချို့တဲ့ခြင်းဟာ ကိုဗစ်ကူးစက်ခံလူနာတွေမှာ ဆိုးရွားတဲ့ရလဒ်တွေဖြစ်စေခြင်းနှင့် ဆက်စပ်နေလျက်ရှိကြောင်း ပြောကြားပါတယ်။
UKနိုင်ငံမှ ဆရာဝန်များရဲ့ လေ့လာချက်အရ ဗီတာမင်ဒီဟာ ရောင်ရမ်းခြင်းကို သက်သာစေသော အာနိသင်ရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်တွင်းရောင်ရမ်းခြင်းဖြစ်စဉ်ကို သက်သာစေနိုင်မလား။ ကိုဗစ်ကြောင့် အလွန်ပြင်းထန်သော အဆုတ်ရောင်ရမ်းပျက်စီးခြင်း လက္ခဏာတွေရှိနေတဲ့ လူနာတွေကို ကုသရေးမှာတော့ အကျိူးပြုနိုင်သလားဆိုတာ စဉ်းစားစရာဖြစ်စေပါတယ်။ လေ့လာမှုတွေကတော့ ဆက်လုပ်ရဦးမှာပါ။ ဗီတာမင်ဒီကို အများကြီး သောက်သင့်သလား နေ့စဉ်လိုအပ်သော ပမာဏကိုသာ သောက်သုံးသင့်ပါတယ်။

အသက် ၁နှစ်မှ ၁၀နှစ်အတွင်းကလေးများအတွက် တစ်နေ့ကို 50 mcgသာလိုအပ်ပါတယ်။
အသက်၁၂လအောက်ကလေးငယ်များအနေနှင့် တစ်နေ့ကို 25mcg သာလိုအပ်ပါတယ်။
လူကြီးများအနေနှင့် တစ်နေ့ကို 100mcgထက်ပိုမသောက်သ့င်ပါဘူး။ အကောင်းဆုံးကတော့ သွေးစစ်ကြည့် လိုရင်သောက်၊ သွေးထဲမှာ ပမာဏလုံလောက်ရင် ဆေးရပ်။ ဒါအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်ဒီလွန်ကဲရင်လည်း အဆိပ်သင့်နိုင်လို့ပဲ ဖြစ်ပါတယ်။

ဗီတာမင်ဒီကို သဘာဝနေရောင်ခြည်ကနေ လုံလုံလောက်လောက် ရနိုင်ပါတယ်။ တစ်နေ့ကို နေမပြင်းချိန်မှာ နေရောင်ပျပျလေး ၁၅မိနစ်လောက် ခံပေးပါ။ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေကတော့ အဆီပါသောငါးများ၊ ကြက်ဥ၊ မာဂျရင်းနဲ့ ဒိန်ချဉ်စတာတို့ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဖို့အတွက် ဗီတာမင်ဒီသီးသန့်ကိုသာ အားကိုးရန်မသင့်ပဲ အစာအာဟာရများ ညီညွတ်မျှတစွာ စားသုံးခြင်းကို ဦးစားပေးသင့်ပါတယ်။ နေ့စဉ် အသား၊ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်များစုံလင်စွာစားသုံးပေးသင့်သလို အိပ်ရေးဝအောင် အိပ်စက်ဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁၅မိနစ်ခန့် ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်လည်း ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top