သူငယ်ချင်းအဓိပ္ပာယ်ကို အလင်းပြပေးတဲ့ ၇ နှစ်သား ၂ ယောက်

4-5-2022-yyl15.jpg

ဒီချာတိတ်လေး ၂ ယောက်က သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ သူငယ်ချင်းဆိုတဲ့အနှစ်သာရက ဘာလဲဆိုတာ အလင်းပြပေးခဲ့တယ်။ သူငယ်ချင်းဆိုတာ တစ်ယောက် လိုအပ်နေချိန်မှာ တစ်ယောက်က ကူညီပေးတာ၊ တစ်ယောက် ခံစားနေရတဲ့ ဝေဒနာကို တစ်ယောက်က ဖြေဖျောက်ပေးချင်တာ၊ တစ်ယောက်ရဲ့ဒုက္ခကို တစ်ယောက်က မျှဝေထမ်းပိုးပေးတာပဲဆိုတာ သိရှိနားလည်စေခဲ့တယ်။

၂၀၁၄ ခုနှစ်မှာ သူတို့က ၇ နှစ်သားအရွယ်ပဲ ရှိကြသေးတယ်။ ဘရိုင်ဒန်နဲ့ ကယ်လန်ဒါက မူလတန်းကတည်းက အချစ်ဆုံးသူငယ်ချင်းတွေ၊ တစ်ယောက် အတန်းထဲ ဝင်လာရင် နောက်တစ်ယောက်က ” ငါ ဒီမှာဟေ့” ဆိုပြီး လှမ်းခေါ်နေကျပဲ။ ကံဆိုးချင်တော့ ဘရိုင်ဒင်က ဦးနှောက်အကြောသေရောဂါ (cerebral palsy) ဖြစ်တယ်။ ဒီရောဂါကြောင့် ဘရိုင်ဒင်ရဲ့ သွားလာလှုပ်ရှားမှုက ပုံမှန်မဟုတ်တော့ဘူး။ ကြွက်သားတွေ အားနည်းပြီး ခြေထောက်က တရွတ်ဆွဲသလို ဖြစ်နေတယ်။ လမ်းလျှောက်နိုင်ဖို့တောင် လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ ဘရိုင်ဒင်တစ်ယောက် ပင်ပန်းဆင်းရဲကြီးစွာနဲ့ လေ့ကျင့်ခန်းလုပ်နေရတာကို ကယ်လန်ဒါက မကြည့်ရက်ဘူး။

ဘရိုင်ဒင်ရဲ့ရောဂါကို ခွဲစိတ်ကုသမယ်ဆိုရင် ဒေါ်လာ ၁၅၀၀၀ လောက်ကုန်မယ်။ ဒါတောင် ကနေဒါမှာ ခွဲစိတ်လို့ မရဘူး။ နယူးဂျာစီကို သွားမှပဲ အထိခိုက်နည်းတဲ့ ခွဲစိတ်မှုမျိုး လုပ်လို့ရမှာ။ ခွဲစိတဖို့ ကုန်ကျစရိတ်တစ်ခုတည်းတင် ဒေါ်လာ ၁၅၀၀၀။ ခရီးစရိတ်၊ စားစရိတ်၊ ပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ခန်းလုပ်ရမယ့် စရိတ်တွေ မပါသေးဘူး။ ဒီတော့ ဘရိုင်ဒင်ရဲ့မိဘတွေကလည်း မတတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့သားလေး ခံစားနေရတာကို မကြည့်ရက်လို့ ချေးငွေယူပြီး ခွဲစိတ်ဖို့ ပြင်တယ်။

ဒီအကြောင်းကို သိသွားချိန်မှာ ကယ်လင်ဒါကလည်း အချစ်ဆုံးသူငယ်ချင်းအတွက် ဘာလုပ်ပေးနိုင်မလဲလို့ အကြံထုတ်တယ်။ နောက်ဆုံးတော့ သံပုရာရည်ရောင်းပြီး ရန်ပုံငွေရှာဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အမေနဲ့အဖေကို ခွင့်တောင်းပြီး ဘရိုင်ဒင်အတွက် သံပုရာရည်ဆိုင်လေး ဖွင့်တယ်။ ကယ်လင်ဒါရဲ့အမေကလည်း အွန်လိုင်းပေါ်ကနေ ရန်ပုံငွေရှာခဲ့တယ်။

ကယ်လင်ဒါရဲ့ သံပုရှာရည်ဆိုင်လေးကို လူတွေ တဖွဲဖွဲရောက်လာကြပြီး ဘရိုင်ဒင်အတွက် ရန်ပုံငွေတွေ ဝိုင်းထည့်ကြတာ ထင်ထားတဲ့ပမာဏထက်တောင် ပိုများသွားတယ်။ အွန်လိုင်းပေါ်ကနေလည်း ရန်ပုံငွေတွေ အများကြီးရတယ်။ သံပုရာရည်ဆိုင်မှာ ဘရိုင်ဒင်လည်း လာရောင်းပေးတယ်။ သံပုရာရည်ဆိုင်နဲ့ အွန်လိုင်းရန်ပုံငွေ ၂ ရပ်ပေါင်း ဒေါ်လာ ၆၀၀၀၀ လောက် ရသွားလို့ ဘရိုင်ဒင်ရဲ့ ခွဲစိတ်စရိတ်အပြင် ခရီးစရိတ်၊ စားစရိတ်၊ လေ့ကျင့်ခန်းအတွက် ကုန်ကျစရိတ်တွေပါ ရသွားတယ်။

ဒါဟာ ၂၀၁၄ ခုနှစ်တုန်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။ သတင်းက ဟောင်းနေပေမဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆွတ်ပျံ့ဖွယ် မေတ္တာတရားနဲ့ မျှဝေခံစားတဲ့စိတ်ဓာတ်ကတော့ ဘယ်တော့မှ ဟောင်းနွမ်းသွားမှာမဟုတ်ဘဲ အမြဲတမ်းသစ်လွင် တောက်ပနေဆဲပါပဲ။ ကမ္ဘာပေါ်မှာ လူသားချင်းစာနာစိတ်ရှိသူတွေ ကျန်နေသေးတယ်ဆိုတာကိုလည်း ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

Ref: ABC ” Boy, 7, raises money for friend’s cerebral palsy surgery with lemonade stand”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top