အိမ်ပေါင်း ၂၀၀၀၀ ကျော်ကို ဖောက်ထွင်းခဲ့ဖူးသူက အိမ်ဖောက်ထွင်းခံရမှုကနေ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို မျှဝေ

5-5-2022-yyl01.jpg

ဖောက်ထွင်းသူခိုးလုပ်ခဲ့ဖူးသူတစ်ဉီးက အိမ်ပိုင်ရှင်တွေကို အိမ်ဖောက်ထွင်းခံရမှုကနေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေ အကြံပြုပေးနေပါတယ်။အဲဒီလူကတော့ အိမ်ပေါင်း (၂၀၀၀၀) ကျော်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးတဲ့ ဒါရော့ ခန်နဒီ (Darryl Kennedy) ဆိုတဲ့အမျိုးသားပါပဲ။ ဒါရော့က အသက် ၉ နှစ်အရွယ်မှာစပြီး အိမ်ဖောက်ထွင်းတာကို လုပ်ခဲ့တာပါ။ ပရော်ဖက်ရှင်နယ် အိမ်ဖောက်ထွင်းမှုဂိုဏ်းရဲ့ ခေါင်းဆောင်လည်းဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူက နှစ် ၅၀ နီးပါးကြာလုပ်ခဲ့တဲ့ ဖောက်ထွင်းသူခိုးအလုပ်ကို စွန့်လွှတ်ခဲ့ပြီးပါပြီ။

အိမ်ဖောက်ထွင်းခံရမှုကနေ ကာကွယ်နိုင်မယ့်နည်းလမ်းနဲ့ပတ်သက်ပြီး အသက် ၅၈ နှစ်အရွယ် ဒါရော့ရဲ့ပထမဆုံးအကြံပြုချက်ကတော့ အိမ်နီးနားချင်းအချင်းချင်း သူတို့ရဲ့နေအိမ်တွေကို စောင့်ကြည့်ကူညီပေးဖို့ပါပဲ။ ဖောက်ထွင်းသူခိုးတွေက CCTV တပ်ထားတဲ့ အိမ်တွေဆို hard drive တွေ ခိုးယူပြီး အိမ်ပိုင်ရှင်တွေကို အနှောင့်အယှက်ပေးနိုင်တယ်လို့ပြောပါတယ်။

ဒါပေမဲ့ ဖောက်ထွင်းသူခိုးတွေက အိမ်နှစ်အိမ်ကို တစ်ခါတည်း ဖောက်ထွင်းဝင်ရောက်ဖို့ အရဲမစွန့်ချင်တာကြောင့် အိမ်နီးနားချင်းအိမ်တွေရဲ့CCTV ကတော့ သူတို့ကို တားဆီးနိုင်ဖွယ်ရှိပါတယ်။ “သူခိုးတွေက ဖောက်ထွင်းမယ့်အိမ်မှာ CCTV ကို သတိထားရမယ်၊ ရှောင်ရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဘေးအိမ်တွေက CCTV တွေကို သတိထားဖို့ မစဉ်းစားဖြစ်ဘူး။ အိမ်နီးနားအချင်းချင်း သူတို့ရဲ့ဘေးအိမ်တွေကို ကာကွယ်ဖို့ ကူညီပေးတာက ပိုကောင်းပါတယ်”လို့ ဒါရော့က ပြောပါတယ်။

အိမ်ဝယ်မယ့်သူတွေကိုလည်း ဘေးပတ်ဝန်းကျင်မှာ လူနေအိမ်ရှိတဲ့ အိမ်တွေကို ဝယ်ဖို့ ဒါရော့က အကြံပြုပါတယ်။ အနီးနားမှာ အခြားအိမ်တွေမရှိတဲ့အိမ်တွေက ဖောက်ထွင်းခံရနိုင်ခြေများတယ်လို့ ပြောပါတယ်။ အိပ်ရာမဝင်ခင် ဧည့်ခန်းနဲ့ မီးဖိုချောင်တံခါးတွေကို ချက်ထိုးထားပါ။ ဖောက်ထွင်းတဲ့သူခိုးတွေက အဲဒီအခန်းတွေကို အတွင်းမှာ သော့ခတ်ထားတာတွေ့ရင် တံခါးကို တွန်းကန်ပြီး ဖွင့်ကြမှာမဟုတ်ဘူး။ အိမ်ပိုင်ရှင်တွေ နိုးလာမှာဆိုးတဲ့အတွက် ဖောက်ထွင်းဖို့ အခွင့်အလမ်းနည်းပါတယ်။

“ဧည့်ခန်း၊မီးဖိုခန်းတွေမှာ အဖိုးတန်ပစ္စည်းတွေ မရှိတဲ့အတွက် လက်ဝတ်ရတနာတွေ၊ အဖိုးတန်ပစ္စည်းတွေရှိတဲ့ အိပ်ခန်းတွေကို ဖောက်ထွင်းသူခိုးတွေက ရှာဖွေကြမှာ။ တံခါးတွေကို တွန်းကန်ဖွင့်ပြီး အိမ်ပိုင်ရှင် အိပ်နေတာကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေးနည်းတယ်။ တံခါးတွန်းဖွင့်တဲ့အသံကြားရင် အိမ်ပိုင်ရှင်နိုးလာပြီး ရဲကို ဖုန်းဆက်အကြောင်းကြားမှာ သူတို့ကြောက်ကြတယ်လေ” လို့ ဒါရော့က ပြောပါတယ်။

နောက်ဆုံးမှာ ဒါရော့က ဖောက်ထွင်းသူခိုးတွေက ကလေးတွေရဲ့အိပ်ခန်းကို နောက်ဆုံးမှ ရှာတဲ့အတွက်ကြောင့် အဲဒီအခန်းက လက်ဝတ်လက်စားလိုအဖိုးတန်ပစ္စည်းတွေ ဖွက်ထားလို့ကောင်းတဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။

“အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီးရင် ကျွန်တော် ပထမဆုံးလုပ်မယ့်အရာက master bedroom ထဲ သွားဖို့ပါ။ ဘယ်ဖောက်ထွင်းသူခိုးမဆို အဖိုးတန်ပစ္စည်းတွေရှိတဲ့ အဲဒီနေရာကို ဝင်ဖို့ အရင်ဆုံးတွေးပါတယ်။ သူတို့တွေက ကလေးတွေရဲ့ အဝတ်အစားတွေ မလိုချင်ကြဘူး။ အထူးသဖြင့် ကလေးတွေ နိုးမသွားစေချင်ဘူး။ ဒါကြောင့် ကလေးရဲ့အိပ်ခန်းထဲကို သွားကြမှာမဟုတ်ဘူး” လို့ ဒါရော့က Manchester Evening News သတင်းဌာနကို ပြောခဲ့ပါတယ်။

Ref: TheMirror “Man who broke into more than 20,000 homes explains easy way to stop burglary”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top