ထိုင်းနိုင်ငံ ဥတ္တရာဒိပြည်နယ်မှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ဟာ ဆေးစွဲနေတဲ့ မိခင်နဲ့ အစ်ကိုရဲ့ နှစ်ပေါင်းများစွာ ဥပေက္ခာပြုထားမှုကြောင့် ခွေးတွေနဲ့ပဲ အနေနီးပြီး ခွေးတစ်ကောင်လို ပြုမူနေတာ တွေ့ရှိခဲ့ပါတယ်။
သူတို့မိသားစုဟာ ဥတ္တရာဒိပြည်နယ်ရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုအလွန်ပေါများတဲ့ အနီရောင်ဇုန်မှာ နေထိုင်ကြတာဖြစ်ပြီး အသက် ၄၆ နှစ်အရွယ်ရှိတဲ့ မိခင်နဲ့ အသက်၂၃ နှစ်အရွယ်ရှိတဲ့ အစ်ကိုဖြစ်သူတို့က မူးယစ်ဆေးဝါးသုံးရဖို့ပဲ ဇောကပ်နေသူတွေပါ။ သူ့အမေက ဆေးသုံးရဖို့ ပိုက်ဆံ လိုက်တောင်းတဲ့အဆင့်ထိ ဆေးစွဲနေသူပါ။
အမျိုးသမီးနဲ့ ကလေးစောင့်ရှောက်ရေးဖောင်ဒေးရှင်းက ဒီသတင်းကို ရပြီးတဲ့နောက် ဒေသခံရဲတပ်ဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။ မိခင်ဟာ ကလေးဖြစ်သူကို ကျောင်းအပ်ပေမဲ့ ပညာသင်စေချင်တဲ့စိတ်ကြောင့်မဟုတ်ဘဲ ကျောင်းအပ်နှံမှုကနေ ငွေရချင်တဲ့စိတ်ကြောင့် ဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဆေးစွဲနေတဲ့ မိခင်နဲ့အစ်ကိုကြောင့် ပတ်ဝန်းကျင်ကလည်း သူတို့မိသားစုကို အပေါင်းအသင်း မလုပ်ကြပါဘူး။ ဒီတော့ ကလေးငယ်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ရွယ်တူကလေးတွေနဲ့လည်း ဆော့ကစားခွင့်မရဘဲ ခွေးတစ်အုပ်နဲ့သာ အချိန်ကုန်နေခဲ့တာပါ။ လူတွေနဲ့ အနေဝေးတဲ့ ကလေးငယ်ဟာ လူစကားတောင် သိပ်မပြောတတ်ဘဲ ခွေးတွေ ဟောင်သလိုသာ ဟောင်နေတာ တွေ့ရပါတယ်။
ကလေးငယ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးရိမ်တာကြောင့် ထိုင်းသတင်းစာ Khaosod က ကလေးငယ်ရဲ့အမည်ကို ” အေ ”လို့သာ အတိုကောက် သုံးနှုန်းဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ ကလေးငယ်ကို ဥတ္တာရာဒိ ကလေးစောင့်ရှောက်ရေးဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားပြီး လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့၊ ပညာသင်ကြားစေနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါပြီ။
Ref: Boy Neglected by Family Spends Time with Dogs and Communicates by Barking
NZ ( ရိုးရာလေး)

