TikTok အသုံးပြုသူတွေဆီကနေ ဘောက်ဆူး ၁၂,၀၀၀ ရရှိခဲ့တဲ့ အသက် (၈၉) နှစ်အရွယ် ပီဇာပို့သမား

28-9-2020-yyl-001.jpg

ပီဇာပို့သမားတစ်ဦးဖြစ်တဲ့ အသက် (၈၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်မုန့်တွေကို လိုက်ပို့နေရပေမဲ့ အခုတစ်ခါမှာတော့ ဖောက်သည်တွေထဲက တစ်ဦးက သူ့အိမ်ကို လာရောက်ကာ Surprise လုပ်ခဲ့ပါတယ်။ ဒါလင်း နယူးဝေး (Derlin Newey) ဆိုတဲ့ အမျိုးသားက သူနေထိုင်ရာအိမ်ကို ကာလို့စ် ဗာလ်ဒီဇ်တို့မိသားစုက တံခါးလာခေါက်တဲ့အခါမှာ မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ အဲလူတစ်စုက သူ့ဆီကို လာရောက်ကာ ဘောက်ဆူးဒေါ်လာ (၁၂,၀၀၀) နဲ့ Surprise လာလုပ်ခဲ့တာပါပဲ။ “ဘယ်လိုကျေးဇူးတင်ရလဲ၊ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး”လို့ ဒါလင်းက ဝမ်းသာမျက်ရည်ကျကာ ပြောပါတယ်။

ဒါလင်းက Papa John ဆိုင်မှာ ပီဇာပို့တဲ့အလုပ်ကို တစ်ပတ် နာရီ (၃၀) အလုပ်လုပ်ပါတယ်။ သူဟာ အလုပ်မလုပ်ဘဲ ဒီအတိုင်းထိုင်မနေချင်တာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။ သူက ပီဇာပို့သမားအပြင် TikTok စတားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့အကြင်နာတရားတွေကို ခံစားမိတဲ့ ဖောက်သည်တချို့ရဲ့ ကျေးဇူးတွေကြောင့် TikTok စတားတစ်ယောက်ဖြစ်လာရတာလို့ ဆိုရမှာပါပဲ။ သူ ပီဇာပို့တဲ့အခါမှာ TikTok ဗီဒီယိုရိုက်ပြီး သူတို့ရဲ့ TikTok အကောင့်မှာ မှတ်တမ်းတင်ထားချင်ကြောင်း ကာလို့စ်တို့က အမြဲတမ်းတောင်းဆိုလေ့ရှိပါတယ်။ “လူတိုင်းက သူ့ကို ချစ်ကြပါတယ်။ သူ ပီဇာပို့တဲ့အခါတိုင်း သူ ပြောလေ့ရှိတဲ့စကားက “ဟယ်လို ပီဇာလိုက်ရှာနေပါသလား”ဆိုတာပါပဲလို့ ကာလို့စ်က ဆိုပါတယ်။

Follower (၅၃,၀၀၀) ကျော်ရှိတဲ့ ကာလို့စ်တို့မိသားစုရဲ့ TikTok အကောင့်မှာ ဒါလင်းက ဒီအသက်အရွယ်ရောက်မှာ ဘာလို့ ပီဇာပို့နေရတာလဲလို့ မေးကြတဲ့ကွန်မန့်တွေလည်း မကြာခဏ ရှိတတ်ပါတယ်။ ဒါလင်းက အရမ်းကြီး အလုပ်မလုပ်သင့်ဘူးဆိုတာ ကာလို့စ်နားလည်တဲ့အတွက် သူတို့ရဲ့ TikTok အကောင့်ကို ဒါလင်း ကောင်းဖို့အတွက် အသုံးပြုရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါလင်းကို ကူညီဖို့အတွက် လှူဒါန်းပေးကြဖို့ သူတို့ရဲ့ Followerတွေကို တောင်းဆိုခဲ့ပါတယ်။ TikTok အသုံးပြုသူတွေကလည်း မြန်မြန်ဆန်ဆန်ပဲ လှူဒါန်းပေးကြလို့ ဒေါ်လာ (၁၂,၀၀၀) ရရှိခဲ့ပါတယ်။ TikTok အသုံးပြုသူတွေလှူဒါန်းပေးကြတာဖြစ်တဲ့အတွက် “TikTok Family” ဆိုပြီး နာမည်တပ်ခဲ့ကြပါတယ်။

ဒါလင်းကတော့ TikTok ဆိုတာ ဘာမှန်းတောင် မသိခဲ့ပေမဲ့ ဒီလိုမမျှော်လင့်ဘဲ ကောင်းချီးပေးခံရလို့ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။ “ကျေးဇူးတင်စကားကလွဲလို့ ဘာပြောရမှန်းတောင်မသိပါဘူး”လို့ ဒါလင်းက ဆိုပါတယ်။ ကာလို့စ်တို့မိသားစုက TikTok အသုံးပြုသူတွေလှူဒါန်းတဲ့ပိုက်ဆံတွေနဲ့ ဒါလင်းကို Surprise လုပ်ခဲ့တာအပြင် “Hello, are you looking for some pizza?” ဆိုတဲ့စာသားနဲ့ တီရှပ်လေးလည်း ပေးခဲ့ပါတယ်။ “အဘိုးက ဒါကို လိုအပ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ ကူညီပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ သူ အခြားသူတွေကိုပြုမူခဲ့တဲ့ ကြင်နာတရား၊ လေးစားမှုတွေအတိုင်းပဲ လူတွေကို ဆက်ဆံပေးဖို့ လိုပါတယ်။ သူက ကျွန်တော်တို့ရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့တာပါ”လို့ ကာလို့စ်က ပြောပါတယ်။

Ref: CNN “89-year-old pizza delivery driver gets $12,000 tip surprise from ‘TikTok Family'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top