ပြတိုက်ကို အလည်လာတဲ့ ကလေးငယ်က နှစ်သက်တမ်း ၃၅၀၀ ရှိတဲ့ အိုးတစ်လုံးကို မတော်တဆ ခွဲမိခဲ့

29.8.2024-yyl-7.jpg

အစ္စရေးနိုင်ငံမှ ပြတိုက်တစ်ခုကို အလည်အပတ် သွားရောက်ခဲ့တဲ့ ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ နှစ်သက်တမ်း ၃၅၀၀ ရှိတဲ့ အိုးတစ်လုံးကို မတော်တဆ ခွဲမိခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဟိုင်ဖာမြို့မှာရှိတဲ့ ဟက်ချ်ပြတိုက်ကို သွားရောက်လေ့လာချိန်မှာ ဝင်ပေါက်အနီးမှာရှိတဲ့ အိုးကို ဆွဲကြည့်မိခဲ့တာပါ။ အဲဒီအိုးဟာ ဘီစီ ၂၂၀၀ ကနေ ဘီစီ ၁၅၀၀ ကြားကာလလို့ အကြမ်းဖျင်းခန့်မှန်းထားတဲ့ ကြေးခေတ်က အိုးဖြစ်ပါတယ်။

သူ့သားဟာ အိုးအထဲမှာ ဘာရှိသလဲဆိုတာ သိချင်ဇောနဲ့ ဆွဲကြည့်မိရာကနေ အိုး ကျကွဲသွားခဲ့တာလို့ ဖခင်ဖြစ်သူ အဲလက်စ်က ဆိုပါတယ်။ ” တုန်လှုပ်သွားတာပေါ့ဗျာ။ ကိုယ့်ကလေးလုပ်တာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတာပေါ့”လို့ သူက ပြောပါတယ်။

ပြတိုက်ကို လာရောက်ကြည့်ရှုသူတွေ ပကတိအတိုင်း မြင်တွေ့ခွင့်ရစေဖို့အတွက် အိုးကို ဖန်ပေါင်းချောင်ထဲ ထည့်ထားတာ၊ အကာအရံ တပ်ဆင်ထားတာမျိုး မလုပ်ဖြစ်ခဲ့တာလို့ ပြတိုက်တာဝန်ရှိသူတွေက ဆိုပါတယ်။ ပုံမှန်အားဖြင့်တော့ ရှေးဟောင်းပစ္စည်းတစ်ခုခု ပျက်စီးသွားရင် ရဲခေါ်ပြီး ထိန်းသိမ်းခိုင်းတာမျိုးတောင် လုပ်လေ့ရှိပေမဲ့ ဒီဖြစ်ရပ်မှာတော့ ကလေးငယ်တစ်ယောက်က မတော်တဆ လုပ်မိတာဖြစ်လို့ ပြတိုက်က အရေးယူခြင်း မရှိခဲ့ပါဘူး။ ကလေးငယ်နဲ့ မိသားစုတွေ အပြစ်ရှိသလို မခံစားရစေဖို့အတွက်လည်း သူတို့ပြတိုက်ကို နောက်တစ်ခါ လာရောက်လည်ပတ်ဖို့လည်း ဖိတ်ကြားခဲ့ပါသေးတယ်။

အဲဒီအိုးဟာ သံလွင်ဆီနဲ့ ဝိုင်လို အရည်တွေ ထည့်သွင်းသယ်ဆောင်ဖို့ အသုံးပြုတာဖြစ်ပြီး ဆော်လမွန်ဘုရင်နဲ့ ဒေးဗစ်ဘုရင်တို့လက်ထက် မတိုင်ခင်ကတည်းက ကာနန်ဒေသမှာ အသုံးပြုခဲ့တာလို့ ယူဆထားကြပါတယ်။ ပြတိုက်တာဝန်ရှိသူတွေကတော့ ဒီအိုးကို ပြန်လည်ပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Ref: Boy smashes 3,500-year-old jar, museum invites him back
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top